Home
ဆောင်းပါး
မြို့လယ်မှာ မြေမျိုခံရသူ
DVB
·
September 3, 2024

(၁)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့လယ်မှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ မြေကျွံပေါက်ထဲ ပြုတ်ကျ ပျောက်ဆုံးသွားတဲ့ အိန္ဒိယအမျိုးသမီးကြီးကို ၉ ရက်ကြာ အသည်းအသန် ရှာဖွေခဲ့ကြပြီးတဲ့နောက် ရှာဖွေမတွေ့ရှိတော့တဲ့အဆုံး ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း မလေးရှား အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

ရုတ်တရက်ဖြစ်ပေါ်လာတဲ့ မြေကျွံပေါက်ကြီးထဲကျပြီး ပျောက်ဆုံးသွားတဲ့ အသက် ၄၈ နှစ်အရွယ်၊ အိန္ဒိယအမျိုးသမီးကြီး ရှာဖွေကယ်ဆယ်ရေးကို ကွာလာလမ်ပူမြို့တော် အုပ်ချုပ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက ခေတ်မီယန္တရားမျိုးစုံ၊ ပြင်းအားမြင့် ရေထိုးပိုက်တွေနဲ့ အခင်းဖြစ်ရာနေရာမှာ ရေဆိုးမြောင်းတွေထဲထိ တူးဖော်ရှာဖွေခဲ့ကြပေမဲ့ မြေကျွံပေါက်ထဲ ကျသွားတဲ့ ဩဂုတ် ၂၃ ရက်ကနေ ဩဂုတ် ၃၁ ရက်နေ့အထိ အမျိုးသမီးကြီးရဲ့ အလောင်းကို ပြန်လည်ရှာဖွေလို့ မတွေ့ခဲ့ကြဘူး။

အာဏာပိုင်တွေက ရှာဖွေမှု ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ပျောက်ဆုံးသွားတဲ့ အိန္ဒိယ အမျိုးသမီးကြီးရဲ့ ခင်ပွန်း၊ သားနဲ့ ညီမဖြစ်သူတို့ဟာ မြေပြိုကျတဲ့နေရာကို လာရောက်ပြီး ဟိန္ဒူရိုးရာ ဓလေ့အတိုင်း ဆီမီးထွန်း၊ ခေါင်းလောင်းတီး ဆုတောင်းကာ အဲဒီနေရာက မြေကြီးတဆုပ်ကိုလည်း ပလတ်စတစ်အိတ်နဲ့ ထည့်ယူသွားခဲ့ကြပါတယ်။

အမျိုးသမီးကြီးရဲ့ မိသားစုဝင်တွေဟာ တနင်္ဂနွေနေ့မှာ အိန္ဒိယကို လေယာဉ်နဲ့ ပြန်သွားခဲ့ကြပါပြီ။ ဝိဇယ လက်ချ်မီးလို့ခေါ်တဲ့ အိန္ဒိယအမျိုးကြီးနဲ့ သူရဲ့မိသားစုဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူကို အိန္ဒိယနိုင်ငံကနေ အားလပ်ရက် အလည်ရောက်လာကြတာပါ။ မြေပြိုကျတဲ့ သောကြာနေ့ မနက်ခင်းက လက်ချ်မီးဟာ ကွာလာလမ်ပူမြို့လယ်က စည်ကားတဲ့ ဂျလမ်းမာစဂျစ် အိန္ဒိယလမ်းမပေါ်မှာ လမ်းလျှောက်နေတာပါ။ အဲဒီလို လျှောက်နေတုန်း ရုတ်တရက် အောက်က မြေကြီးပြိုကျပြီး ကျင်းပေါက်ထဲကို ကျသွားတာဖြစ်တယ်။ လူတွေအများကြီး လျှောက်သွားနေကြတဲ့ လမ်းပေါ်မှာ ကံဆိုးသူ လက်ချ်မီးတယောက်ပဲ ၂၅ ပေလောက်နက်တဲ့ မြေကျွံပေါက်ထဲ ကျသွားခဲ့တာပါ။ စီစီတီဗီရုပ်သံမှာ လမ်းလျှောက်နေရင်း မြေကြီးထဲ ကျွံဝင်သွားတဲ့ လက်ချ်မီးနဲ့ ကျလုကျခင်အထိ အထိတ်တလန့် ဖြစ်သွားကြတဲ့ ဘေးနားက လူတွေကိုပါ မြင်ကြရတယ်။

ဒီလို ရုတ်တရက် မြေကြီးကျွံကျပြီး အပေါက်ကြီးဖြစ်သွားတာကို Sinkhole လို့ ခေါ်တယ်။ Sinkhole တွေဟာ မြေအောက်မှာ ရေတိုက်စားမှုကြောင့် တဖြည်းဖြည်း ဂလိုင်ကြီးဖြစ်လာပြီး အပေါ်ယံမြေသားကို မထောက်ကူနိုင်တော့တဲ့အဆုံး ပြိုကျရာက ရုတ်တရက် ဖြစ်ပေါ်လာတဲ့ မြေကျွံပေါက်တမျိုးပါ။

ဘယ်အချိန် ဘယ်နေရာမှာ မြေကျွံပေါက် sinkhole တွေ ဖြစ်ပေါ်လာမယ်ဆိုတာ မသိနိုင်ပါဘူး။ အခင်းဖြစ်ပွားတဲ့ ဂျလမ်းမာစဂျစ် အိန္ဒိယလမ်း ဆိုတာ ကွာလမ်ပူမြို့လယ်မှာ ရွှေဆိုင်တွေ၊ ရှော့ပင်းစင်တာတွေနဲ့ စည်ကားပြီး ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ နေရာတခုပါ။

ကမ္ဘာလှည့်ခရီးသည် အိန္ဒိယအမျိုးသမီးကြီးတဦး မြေကျွံပေါက်ထဲ ကျသွားတယ်ဆိုတော့ မလေးရှားအစိုးရ တာဝန်ရှိသူတွေက ချက်ချင်းပဲ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ကြပါတယ်။ မြေကျွံသွားတဲ့ နေရာတဝိုက်ကို ပိတ်ထားလိုက်ပြီး ခေတ်မီယန္တရားတွေ၊ အားပြင်းရေထိုးပိုက်တွေ သုံးပြီး ရေဆိုးမြောင်းတွေထဲ အသည်းအသန် ရှာဖွေခဲ့ကြတယ်။ လူအင်အား၊ ယန္တရားအင်အား အပြည့်သုံးပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ပေမဲ့ ခြောက်ရက်ကြာတဲ့အထိ ပျောက်ဆုံး အိန္ဒိယအမျိုးသမီးကြီးရဲ့ ရုပ်အလောင်းကို ရှာဖွေ့မတွေ့ရှိနိုင်ခဲ့ကြဘူး။

၉ ရက်ကြာ တူးဖော်ရှာဖွေမှု ပြုလုပ်ပြီးနောက်မှာတော့ မတွေ့တော့တဲ့အဆုံး ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ကြတာ ဖြစ်တယ်။

ဂျလမ်းမာစဂျစ်လမ်းပေါ်က မြေပြိုကျင်းပေါက်ကြီးကို ဖာထေးပြင်ဆင်ဖို့ အနည်းဆုံး အချိန် ၃ လက ၆ လအထိ ယူရမယ်လို့ ဆိုတယ်။

မလေးရှားအစိုးရဟာ မြေကျွံပျောက်ဆုံးသွားတဲ့ ကမ္ဘာလှည့်ခရီးသည် အိန္ဒိယအမျိုးသမီးကြီးအတွက် လျော်ကြေးပေးဖို့ စဉ်းစားနေတယ်လို့ ဆိုတယ်။

(၂)

ဝိဇယ လက်ချ်မီးလို့ အမည်ရတဲ့ အသက် ၄၈ နှစ်အရွယ် အိန္ဒိယအမျိုးသမီးကြီးဟာ မိသားစုနဲ့အတူ အိန္ဒိယနိုင်ငံ၊ အင်ဒါပရာဒေ့ရှ်ပြည်နယ်ကနေ မလေးရှားကို အလည်အပတ် လာရောက်ခဲ့တာပါ။ စည်ကားလှတဲ့ ကွာလာလမ်ပူလမ်းမပေါ်မှာ လျှောက်သွားနေကြသူတွေကလည်း အများကြီးပါ။ လူအမြောက်အမြားကြားမှာ လက်ချ်မီး တဦးသာ ကံဆိုးစွာနဲ့ မြေကျွံပေါက်ကြီးထဲ ကျရောက် ပျောက်ဆုံးသွားခဲ့တယ်။ စီစီတီဗီ မှတ်တမ်းမှာလည်း ရုတ်တရက် မြေကျွံပြီး ကျသွားတာကို မြင်ကြရတယ်။ ဗုဒ္ဓဘာသာဝင်တွေ အဖို့တော့ ရုတ်တရက် မြေမျိုတယ်ဆိုတဲ့ အဖြစ်မျိုးပဲ။

ပါမောက္ခချုပ်ဆရာတော်ကြီးက လောကမှာ လူတွေမသိနိုင်တာ ငါးမျိုးရှိတယ်လို့ ဟောဖူးတယ်။ “ဇီဝိတံ၊ ဗျာဓိ၊ ကာလော၊ ဒေဟနိက္ခေပနံ၊ ဂတိ” တဲ့။

ဇီဝိတံ ဆိုတာက လူတယောက် ဘယ်လောက်အထိ လူ့ဘဝမှာ အသက်ရှင် နေထိုင်ရမယ်ဆိုတာ မသိနိုင်ဘူးတဲ့။ ဘယ်လောက်ပဲ ကျန်းမာသန်စွမ်းနေပါစေ၊ ရုတ်တရက် accident နဲ့လည်း သေနိုင်သလို အကြောင်းအမျိုးမျိုးနဲ့ သေဆုံးနိုင်တယ်။ ဗျာဓိ ဆိုတာက ဘယ်လိုရောဂါနဲ့ သေဆုံးရမယ် ဆိုတာလည်း ကြိုတင်မသိနိုင်ဘူးတဲ့။ ကာလော ဆိုတာက ဘယ်နေရာ ဘယ်ဒေသ၊ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ သေမယ်ဆိုတာလည်း မသိနိုင်ဘူးတဲ့။

ဒေဟနိက္ခေပနံ ဆိုတာကတော့ ကိုယ့်ရဲ့ရုပ်အလောင်းကို ဘယ်နေရာ၊ ဘယ်ဒေသမှာ သင်္ဂြိုဟ်မယ် ဆိုတာလည်း မသိနိုင်ဘူးတဲ့။ လေယာဉ်စီးရင်း ရုတ်တရက် လေယာဉ်ပျက်ကျလို့ လေထဲမှာပဲ ပျောက်ဆုံးသွားတာမျိုးလည်း ရှိနိုင်တယ်တဲ့။ ဂတိ ကတော့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတဲ့ ဘယ်အရပ်ကို ရောက်ရှိမယ်ဆိုတာ မသိနိုင်ဘူးတဲ့။ နတ်ပြည် ရောက်မလား၊ ငရဲပြည် ရောက်မလား မသိနိုင်ဘူးတဲ့။

အိန္ဒိနိုင်ငံသူ လက်ချ်မီးဟာ မလေးရှားကို အလည်လာရင်း ကွာလာလမ်ပူမြို့လယ်မှာ ရုတ်တရက် မမျှော်လင့်ဘဲ မြေကျင်းကြီးထဲ ကျရောက် သေဆုံးသွားခဲ့တယ်။ အဲဒီနေ့ မနက်ခင်း ဂျလမ်းမာစဂျစ်လမ်းပေါ် လမ်းလျှောက်နေချိန်အထိ အေးအေးလူလူပဲ။ သူ့ရှေ့မှာ ရုတ်တရက် မြေကျင်းကြီးတခု ပေါ်လာမယ်လို့ သူ မသိခဲ့ဘူး။ မြေကျင်းထဲ ပြုတ်ကျသွားမယ်လို့လည်း မသိခဲ့ဘူး။ မြေကျင်းကြီးထဲ ကျသွားတဲ့ လက်ချ်မီးကို မလေးရှားအစိုးရ ကယ်ဆယ်ရေးအဖွဲ့တွေ အစွမ်းကုန် ရှာဖွေခဲ့ပေမဲ့ လက်ချ်မီးရဲ့ အလောင်းကိုတောင် ပြန်ရှာလို့ မတွေ့ခဲ့ကြဘူး။

ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ တရားလိုပဲ လက်ချ်မီး ဆိုသူ အမျိုးသမီးကြီးရဲ့ လူ့ဘဝဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုရမယ်။

CWM

Ref: KL sinkhole. Repair may take 3 to 6 months as victim’s family conduct religious rites before returning to India. CNA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013