Home
မြန်မာသတင်း
သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့တွင် ရေကြီး
DVB
·
September 13, 2024
Photo Crd-အင်တာနက်
Photo Crd-အင်တာနက်
Photo Crd-အင်တာနက်
Photo Crd-အင်တာနက်
Photo Crd-အင်တာနက်

ရခိုင်ပြည်နယ်မှာ စက်တင်ဘာ ၁၂ ရက်ကတည်းက မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့်  သံတွဲမြို့၊ တောင်ကုတ်မြို့နဲ့ အမ်းမြို့နယ် မြို့နယ် ၃ မြို့နယ်မှာ ရေကြီးနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

အမ်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ တောင်ကျရေတွေ မြင့်လာနေတာကြောင့် ကျေးရွာအတွင်း မြေနိမ့်ပိုင်းက အိမ်ထောင်စု ၅၀ ကျော်ကို ကုန်းမြင့်ပိုင်းတွေကို အရေးပေါ် ရွှေ့ပြောင်း ထားရတယ်လို့ ရူးကျေးရွာသားတယောက်က ပြောပါတယ်။

“ရေက စက်တင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းကတည်းကစပြီး မြင့်တက်လာတာဖြစ်တယ်။ မိုးရွာတာကြောင့် တောင်ကျရေနဲ့ ချောင်းရေက တက်လာတာကြောင့် ရေက မဆင်းနိုင်တော့ဘဲ ရေကြီးလာတာဖြစ်တယ်။ လူအထိအခိုက်တော့ မရှိကြသေးဘူး။ ကျေးရွာအတွင်း အိမ်ထောင်စု ၅၀ ကျော်ကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရတယ်။”

အမ်းမြို့နယ်အတွင်းမှာ ရေကြီးမှုတွေကြောင့် အမ်းမြိုနဲ့ တပ်တောင်မြို့ကြားက ကျေးရွာပေါင်း ၂၀ ကျော်မှာ မြေနိမ့်ပိုင်းကလူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့ပေါ်မှာလည်း စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းကတည်းက မြို့ပေါ် ရပ်ကွက်တွေမှာ ရေနစ်မြုပ်မှုတွေဖြစ်နေပြီလို့ တောင်ကုတ်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“တောင်ကုတ်မှာ ရေကြီးမှုက ပုံမှန်လိုတောင် ဖြစ်နေပြီ။ အခုလည်း မနေ့က နေ့လယ်ကတည်းက ရေကြီးနေတာ။ ချောင်းအနီးက အိမ်တွေ၊ စျေးအနီးက အိမ်တွေဆိုရင် ရေနစ်မြုပ်နေကြပြီ။ မိုးကတော့ အခုထိ မစဲနိုင်သေးတာကြောင့် ရေက ဆက်တက်လာနိုင်သေးတယ်။”

တောင်ကုတ်မြို့တွင်း ရေနစ်မြုပ်နေတဲ့ ရပ်ကွက်တွေမှာ မီးစက်ကွက်သစ်၊ ကံပိုင်ရပ်ကွက်၊ အင်းခုံတောင်၊ မင်းကျောင်းကွက်သစ်နဲ့ ဆေးရုံကွက်သစ်တို့ ဖြစ်ကြပြီး လက်ရှိအချိန်အထိ ရေနစ်မြုပ်နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် သံတွဲမြို့ပေါ် ရပ်ကွက်တွေနဲ့ မြို့အနီး ကျေးရွာတွေမှာလည်း စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းကတည်းက ရေကြီးနေတယ်လို့ သိရပါတယ်။

“သံတွဲမြို့ရဲ့ မြေနိမ့်ပိုင်း ရပ်ကွက် ၃ ခုလောက်က ဒေသခံတချို့ကို ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းထားရတာတွေ ရှိတယ်။ ဒီနေ့အထိတော့ သိပ်စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်သေးဘူး။ ကြိုတင်ရွှေ့ပြောင်းထားတဲ့အဆင့်ပဲ ဖြစ်တယ်။”

သံတွဲမြို့နယ်တွင်း ရေကြီးနေတဲ့ ရပ်ကွက်တွေမှာ အံတော်ရပ်ကွက်၊ သမုတ်ချောင်းရပ်ကွက်၊ ညောင်ပင်ဈေးအုပ်စုတို့ ဖြစ်ကြပြီး သံတွဲနဲ့ တောင်ကုတ်မြို့နယ်တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ တုန်းကလည်း ရေကြီးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်မှာ ဒေသအလိုက်ကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၁ ရက်ကစပြီး နိုင်ငံရဲ့ အလယ်ပိုင်းဒေသတွေမှာလည်း ရေကြီးမှုတွေ ဖြစ်ပွားနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013