Home
မြန်မာသတင်း
မြိုင်ကြီးငူတွင် ဒေသခံနှင့်စစ်ရှောင်ပြည်သူ သောင်းနှင့်ချီ ရေဘေးသင့်ပြီး အကူအညီလိုအပ်နေ
DVB
·
September 14, 2024

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ၊ မြိုင်ကြီးငူရပ်ကွက်တွေနဲ့ အေးလင်းသာယာ စစ်ဘေးရှောင်စခန်းတို့မှာ ရေကြီးနစ်မြုပ်ခဲ့တာကြောင့်  သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ရေဘေးဒဏ်သင့်ခဲ့ပြီး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းတာ၊ တောင်ကျရေနဲ့ သံလွင်မြစ်ရေ တိုးလာတာကြောင့် စက်တင်ဘာ ၁၂ ရက်နေ့မှာ ရေကြီးရေလျှံခဲ့ပြီး ဒေသခံတွေနဲ့အတူ စစ်ရှောင်ပြည်သူတွေ ရေဘေးဒဏ်သင့်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းတာဝန်ခံတယောက်က “မိုးတွေအဆက်မပြတ်ရွာတယ်။ တောင်ကျရေနဲ့ သံလွင်မြစ်ရေကြောင့် စစ်ရှောင်စခန်းရော၊ မြိုင်ကြီးငူအထူးဒေသအကုန်လုံး ရေဝင်ရောက်ပြီး ရေနစ်မြုပ်ကုန်တယ်။ အခုက ဘုရားကုန်းပေါ်မှာ အကုန်လုံးခိုလှုံနေရတယ်။ ရေက တက်လာတာမြန်တယ်။ ဘယ်လိုမှ နေလို့မရတော့တာကြောင့် ချက်ချင်းပြောင်းလာရတော့ အခက်အခဲတွေဖြစ်နေတယ်” လို့ ပြောပါတယ်။

မြိုင်ကြီးငူအထူးဒေသ၊ ဇိနမာရ်အောင်ဘုရားကုန်းတော်မှာ ရပ်ကွက်နေပြည်သူတွေနဲ့အတူ စစ်ရှောင်ပြည်သူတွေပါ ပြောင်းရွှေ့ခိုလှုံနေရပြီး  နေထိုင်စားသောက်ရေးအပြင် ကိုယ်လွတ်ရုန်း တိမ်းရှောင်လာရတာကြောင့် အဝတ်အထည်တွေပါ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဖာပွန်၊ ကမမောင်း၊ လှိုင်းဘွဲမြို့နယ်အတွင်းက ဒေသခံတွေဟာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် မြေပြင် လက်နက်ကြီးပစ်ခတ်တာကြောင့် မြိုင်ကြီးငူအထူးဒေသမှာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရတာဖြစ်ပြီး စစ်ဘေးဒဏ်အပြင် အခု ရေဘေးဒဏ်ကိုပါခံစားနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013