အင်ဒိုနီးရှားနိုင်ငံ အနောက်စူမားတြားပြည်နယ်မှာ ရုတ်တရက် ရေကြီးပြီး ရွှံ့မြေတွေပြိုကျလို့ သေဆုံးသူဦးရေဟာ အယောက် ၅၀ ကျော်သွားပြီး လူအယောက် ၃,၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပေးထားရတယ်လို့ အာဏာပိုင်တွေက မေ ၁၄ ရက်မှာ ပြောပါတယ်။
ယာယီသတင်းအချက်အလက်တွေက သေဆုံးသူ အယောက် ၅၀ ကို မှတ်တမ်းတင်ထားပါတယ်။
ပျောက်နေတဲ့သူတွေကို သေဆုံးလျက်သား ပြန်ရှာတွေ့တဲ့အခါ ဒီအချက်အလက်က ဆက်တိုးနေလိမ့်မယ်လို့ ကပ်ဘေးလျော့ပါးသက်သာရေး အေဂျင်စီ အကြီးအကဲ ဆူဟာယန်တိုက ရေဘေးသင့်ဒေသကို သွားရောက်စစ်ဆေးရင်း ပြောပါတယ်။
အနောက်စူမားတြားပြည်နယ်က ခရိုင် ၃ ခုမှာ မေ ၁၁ ရက်က မိုးကြီးပြီး ရုတ်တရက် ရေကြီးကာ မြေပြိုတဲ့အပြင် မီးတောင်ပြာ ကျောက်တုံးတွေနဲ့ ရေတွေ ရောနေတဲ့ ချော်ရည်အေးတွေ စီးကျလာခဲ့ပါတယ်။
အင်္ဂါနေ့ထိ လူ ၃,၃၉၆ ယောက်ကို အနားက အဆောက်အဦတွေဆီ ဘေးလွတ်ရာ ရွှေ့ပြီးပြီလို့ ဆူဟာယန်တိုက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
အနောက်စူမားတြားပြည်နယ်ထဲမှာ လာမယ့်သီတင်းပတ်အထိ ဆက်ပြီး မိုးကြီးမယ်လို့လည်း မျှော်လင့်ထားတယ်လို့ အင်ဒိုနီးရှား မိုးလေဝသအေဂျင်စီ အကြီးအကဲ ဒီဝီကိုရီတာ ခါနာဝတီက ပြောပါတယ်။
Source/Photo-Reuters