Home
နိုင်ငံတကာ
ပြင်သစ်တွင် အချုပ်ကား ချုံခိုတိုက်ခိုက်ခံရပြီး အစောင့် ၂ ဦးသေဆုံး
DVB
·
May 15, 2024
FranceAttacked_15052024

မူးယစ်ကုန်သည်တယောက်ကို လွှတ်ပေးဖို့ မျက်နှာဖုံးစွပ် သေနတ်သမားတွေက အချုပ်ကားကို ခြုံခိုတိုက်ခိုက်မှုတရပ် ပြင်သစ်နိုင်ငံမြောက်ပိုင်း နော်မန်ဒီဒေသ အဲခ်စီရင်စု ဗယ်ဒူဟယ်ယီ မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အချုပ်ကားအစောင့် ၂ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တဲ့အပြင် နိုင်ငံမြောက်ပိုင်းမှာ ရာဇဝတ်သားတွေကို အကြီးအကျယ် လိုက်ရှာခဲ့ရပါတယ်။

အနက်ရောင် ဆဗ်ကားတစီးက ယာဉ်ဖြတ်သန်းခ ကောက်ခံတဲ့နေရာမှာ ဗန်ကားတစီးကို ဝင်တိုက်အပြီး သေနတ်သမားတွေက ဗန်ကားကို အော်တိုမက်တစ် သေနတ်တွေနဲ့ ချိန်ရွယ် ပစ်ခတ်ခဲ့ပုံကို ရုပ်သံထဲမှာ တွေ့ရပါတယ်။

အဲဒီနောက် သပ်ဖလိုင်းလို့ သိကြတဲ့ ထောင်သားကို ကယ်ထုတ်အပြီး ထွက်မပြေးခင် ဆဗ်ကားကို မီးရှို့ခဲ့ကြပါတယ်။

အခင်းဖြစ်နေရာက မျက်မြင်သက်သေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ပျက်စီးနေတဲ့ ကားတွေနဲ့ ပတ်ဝန်းကျင် အနေအထားကို တိုက်ဆိုင်စစ်ဆေးအပြီး ဒီရုပ်သံကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ကမ္ဘာ့နံပါတ်တစ် ကိုကင်းစျေးကွက်ဖြစ်တဲ့ ဥရောပတလွှားမှာ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှု တိုးလာတာကို ထင်ရှားစေပါတယ်။

ဝရမ်းပြေးထောင်သား မိုဟမ်မဒ် အမ်ရာဟာ ပြင်သစ်မြောက်ပိုင်းက အသက် ၃၀ အရွယ် မူးယစ်ကုန်သည်ဖြစ်တယ်လို့ ပါရီ အစိုးရရှေ့နေရုံးနဲ့ ရဲသတင်းရင်းမြစ်တို့က ပြောပါတယ်။

သူ့ကို မေလ ၁၀ ရက်မှာ အီဗူတရားရုံးက ဖောက်ထွင်းမှုနဲ့ စီရင်ချက်ချခဲ့ပြီး ဗယ်ဒူဟယ်ယီ ထောင်မှာ ထိန်းသိမ်းထားတာပါ။

အမ်ရာဟာ အရင်ကလည်း လူသေတဲ့ ပြန်ပေးဆွဲမှုတခုအတွက် မာဆေးမြို့မှာ စွဲချက်တင်ခံခဲ့ရဖူးတယ်လို့ ပါရီ အစိုးရရှေ့နေရုံးက ပြောပါတယ်။

အမ်ရာဟာ မာဆေးမြို့ထဲက အားကောင်းတဲ့ ဘလက်ခ်စ်ဂိုဏ်းနဲ့ ပတ်သက်နေတဲ့ မူးယစ်ကုန်သည်လို့ မာဆေးမြို့မှ ရဲသတင်းရင်းမြစ်တရပ်က ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013