ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေတဲ့ စစ်ရှောင်စခန်းတခုမှာ မေ ၁၄ ရက်က လေပြင်းတိုက်ခတ်လို့ နေအိမ် ၁၀ လုံးကျော် ပျက်စီးပြီး မိုးကာတွေ အရေးပေါ်လိုအပ်နေပါတယ်။
မော်သီဒို စစ်ရှောင်စခန်းမှာ ညနေ ၃ နာရီလောက်က လေပြင်းကြောင့် နေအိမ် ၂၀၀ ကျော် ရှိတဲ့အနက် ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို စာသင်ပေးနေတဲ့ ဆရာမတဦးက ပြောပါတယ်။
“လောလောဆယ်က မိုးကာက တနေရာမှ မရှိသေးတော့ အိမ်က ပြန်မပြင်နိုင်သေးဘဲ တခြားတနေရာမှာ သွားစုအိပ်၊ သွားစုနေရတာမျိုး လုပ်နေရတာပေါ့။ လေပြင်းမုန်တိုင်းကြောင့် အခုလိုမျိုးတွေ ပျက်စီးကုန်တာပေါ့နော်။ မိုးကာတွေ အရေးပေါ် လိုအပ်နေပါတယ်။”
စစ်ရှောင်စခန်းက ပြည်သူတွေက ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ မိုဆိုရွာတွေကနေ စစ်ဘေးလာရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်ကာလ ၃ နှစ်နီးပါးရှိလာကာ မိုးကာကလည်း တနှစ်ကို ၂ ကြိမ်လဲမှ အဆင်ပြေတာကြောင့် မိုးဒဏ်လေဒဏ်ကို မခံနိုင်ဘဲ အခုလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းဆောင်အတွက်လည်း မိုးကာတွေလိုအပ်နေပြီး နေအိမ်ပြန်ပြင်ဖို့ အတွက်လည်း မိုးကာတွေ လိုအပ်နေတာကြောင့် ပြည်သူတွေကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော်ရှိကာ စစ်ဘေးရှောင်ကာလ ကြာမြင့်လာတာကြောင့် အခက်အခဲတွေ၊ အလှူရှင်နည်းပါးလာမှုတွေ ကြုံနေရပြီး မိုးကာ၊ စားဝတ်နေရေးအတွက် လိုအပ်ချက်တွေ ကြီးမားနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။