Home
မြန်မာသတင်း
ချင်းမိုင်၌ ဆိုးသွမ်းလူငယ်များအား လိုက်လံဖမ်းဆီးစဉ် အထောက်အထားမဲ့ မြန်မာ ၂၇ ဦး အဖမ်းခံရ 
DVB
·
May 15, 2024
567000004208401

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ထိုင်းလက်ဝှေ့နည်းပြဆရာ ၁ ဦးကို ထိုးကြိတ်ခဲ့တဲ့ ဆိုးသွမ်းလူငယ် တစုကို  သွားရောက်ဖမ်းဆီးစဉ် တခြားအထောက်အထားမဲ့ မြန်မာလုပ်သား ၂၇  ဦးပါ ဖမ်းဆီးရမိတယ်လို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့က မေလ ၁၃ ရက် ညနေပိုင်း သတင်းစာရှင်းပွဲ မှာပြောပါတယ်။

မေ ၇ ရက် မနက် ၁ နာရီလောက်က ထိုင်းလက်ဝှေ့နည်းပြဆရာနဲ့ သူ့တပည့်တချို့ဟာ ချင်းမိုင်မြို့ ဟိုင်ယားရပ်ကွက်ရှိ မယ့်ခါချောင်းတံတားအနီး ဆိုင်တဆိုင်မှာ ထိုင်နေစဉ် ဆိုးသွမ်းလူငယ်  ၅ - ၆ ဦးလောက်က လာရောက်ရန်ရှာထိုးကြိတ်ခဲ့လို့ လက်ဝှေ့ဆရာက ပြန်ထိုးလို့ ထွက်ပြေးသွားခဲ့ကြတယ်။ အဲဒီဆရာကတော့ ဒဏ်ရာရသွားခဲ့လို့ ချင်းမိုင် ဖူးထွန်းရဲစခန်းမှာ အမှုလာဖွင့်ထားတယ်လို့ အမှတ် ၅ ရဲတပ်ဖွဲ့ တာဝန်ရှိ ဒုရဲမှူးကြီး ကရစ်ထာဖွန်း ယိဆာခွန်းက ပြောပါတယ်။

တာဝန်ရှိသူတွေက ဆိုးသွမ်းလူငယ်တွေ ထွက်ပြေးသွားတဲ့ဘက်ကို စီစီကင်မရာကနေ လိုက်လံစစ်ဆေး စုံစမ်းပြီး ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ချင်းမိုင်၊ မဲ့တိုင်နဲ့ ဟန်ဒုန်းမြို့နယ်ရှိ နေရာပေါင်း ၆ နေရာက အလုပ်သမားတန်းလျားတွေ၊ အိမ်ငှားတိုက်ခန်းတွေကို သွားရောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။ 

လက်ဝှေ့နည်းပြဆရာကို သွားထိုးခဲ့သူတွေမှာ SoHot လို့ခေါ်တဲ့ ဆိုးသွမ်းလူငယ်ဂိုဏ်းကဖြစ်ပြီး   ဂိုဏ်းခေါင်းဆောင် နိုင်းနာ့သ်ဖုန်း မလိတ်ခမ်းကယောက်ဟာ အရင်ကလည်း ခိုက်ရန်ဖြစ်ပွား ရိုက်နှက်မှုတွေ  ရှိခဲ့ဖူးတယ်၊ ပတ်ဝန်းကျင်ကို နှောင့်ယှက်တယ်၊ သူ့ကို ဟန်ဒုန်းမြို့နယ် ဘန့်ဝဲန်ရပ် ကွက်ရှိ နေအိမ် ၁ အိမ်မှာ ဖမ်းဆီးရမိခဲ့ကာ သူ့အဝတ်ဗီရိုထဲကနေ ကျည်ဆန် ၂ ထောင့်နဲ့ ကျည်ခွံ တခုတွေ့တယ်၊ နာ့သ်ဖုန်းကတော့ သူ့ရဲ့ မြန်မာသူငယ်ချင်းတယောက်ဟာ ဖြစ်တယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် ခိုက်ရန်ဖြစ်တဲ့အထဲ ပါဝင်ခဲ့တဲ့ နောက်ထပ်လူငယ် ၅ ယောက် (အားလူ၊ ချလွမ်၊ အားလေ၊ အားပေ၊ အားလေ) တို့ကို ဖမ်းမိခဲ့တယ်။ သူတို့ဟာ အသက် ၁၈ နှစ်နဲ့ ၂၀ နှစ်ကြားမှာ ရှိပြီး အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။

အလုပ်အကိုင် နေရာအတည်တကျမရှိဘဲ မဲ့ခါချောင်းတဝိုက်မှာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေတာ ဖြစ်တယ်။ အားဆာ ဆိုသူ နောက်ထပ်တယောက်ကတော့ မြန်မာပြည်ပြန်သွားပြီလို့ ဆိုပါတယ်။ 

သူတို့တွေကို ဖမ်းဆီးရမိဖို့ အိမ်ငှားတိုက်ခန်းတွေ၊ အလုပ်သမားတန်းလျားတွေမှာ သွားရောက်စစ်ဆေးရင်းက နောက်ထပ် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၇ ဦး ( ကျား ၂၀၊ မ ၇ ) ဦးတို့ကိုပါ ဖမ်းဆီးခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက နာ့သ်ဖုန်းကို  တပါးသူအား ထိခိုက်ဒဏ်ရာရအောင် ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ လက်နက်မှုနဲ့ အရေးယူထားပြီး ရွှေ့ပြောင်းလူငယ် ၅ ဦးကို တပါးသူအား ထိခိုက်နာကျင်စေမှု၊ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်မှုတွေနဲ့ အရေးယူထားပါတယ်။ 

အထောက်အထားမဲ့ မြန်မာလုပ်သား ၂၇ ဦးကိုလည်း လဝကဥပဒေ၊ အလုပ်သမားဥပဒေတွေနဲ့  အသီးသီးအရေးယူသွားမယ်လို့ ပြောပါတယ်။ 

Source: MGR Online

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013