Home
မြန်မာသတင်း
ဖုန်းဆင်းမ်ကတ်အချို့ ပိုင်ရှင်မသိဘဲ အသစ်ထုတ်ယူခံရပြီး မိုဘိုင်းမှ ငွေခိုးယူခံရမှုများ ရှိနေ
DVB
·
May 15, 2024
SimCards_15052024

မြန်မာပြည်တွင်းမှာ အများပြည်သူ အသုံးပြုနေတဲ့ ဖုန်းဆင်းမ်ကတ်တချို့ ပိုင်ရှင်မသိဘဲ အသစ်ထုတ်ယူခံရပြီး မိုဘိုင်းကငွေတွေ ခိုးယူခံရတာနဲ့ ကြုံနေရတယ်လို့ ကာယကံရှင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကစလို့ အခုလို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့နေရတာဖြစ်ပြီး သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာတွေကလည်း ဖြေရှင်းမပေးဘူးလို့ ကိုယ်တွေ့ကြုံနေရသူတွေက ပြောပါတယ်။

အော်ရီဒူးဆင်းမ်ကတ် အသစ်လဲခံခဲ့ရသူတယောက်က “ကျနော်သုံးနေတဲ့ကတ်က ရုတ်တရက် လိုင်းပျောက်သွားတယ်။ လိုင်းကျ လိုင်းပျောက်တယ်ထင်တာ။ နောက်မှ မဟုတ်မှန်း သိရတယ်။ စုံစမ်းကြည့်တော့ ကျနော့်ဖုန်းကတ်ကို အပျောက်လျှောက်ပြီး အသစ်ထုတ်ခံလိုက်ရတာ။ ကျနော့်ဖုန်းက Kpay၊ Wave Money တွေနဲ့ ချိတ်ပြီး ငွေသွင်း ငွေထုတ် လုပ်နေတာ။ ဘဏ်အကောင့်တွေနဲ့လည်း ချိတ်ထားတယ်။ ညအထိ သုံးနေရင်းနဲ့ ဖုန်းကတ်အသစ် ထုတ်ခံလိုက်ရတယ်။ အဲတုန်းက ပြည်နဲ့နီးတော့ ပြည်ကိုသွားပြီး အော်ရီဒူးဆိုင်မှာ ကတ်ပြန်လျှောက်ရတယ်။ သူတို့ကတော့ ဘယ်ကနေ ကတ်ထုတ်သွားတယ် ဆိုတာ မပြောနိုင်ဘူး။ အော်ရီဒူးရုံးချုပ်ကို သွားတော့လည်း တာဝန်ရှိသူတွေနဲ့ မတွေ့ခဲ့ရဘူး။ Own Store က ဝန်ထမ်းတွေနဲ့ပဲ တွေ့ရတယ်” လို့ ပြောပါတယ်။

ဖုန်းကတ်ပိတ်သွားပြီး နောက်နေ့ မနက်အစောပိုင်းမှာပဲ ဘဏ်အကောင့်ထဲက ငွေတွေကို ထုတ်ယူသွားတယ်ဆိုတာ နောက်ပိုင်း စုံစမ်းတဲ့အခါ သိလာရကြောင်းလည်း ပြောပါတယ်။

ကတ်အသစ်လုပ်ခံရသူတဦးက “ဖုန်းကတ်ရလို့ အကောင့်တွေထဲကိုဝင်ပြီး ပြန်စစ်ကြည့်တော့ ကျနော့်အကောင့်ထဲကို ငွေ ၈ သိန်း ဝင်ထားတယ်။ ပြီးတော့ ကျနော့်ငွေတွေပါရောပြီး မနက်အစောကြီးမှာ ထုတ်ထားတာကို တွေ့ရတယ်။ အဲဒီ ၈ သိန်းကလည်း ကျနော့်လို ဖုန်းကတ်အသစ် ထုတ်ခံရတဲ့သူတယောက်ပဲ။ သူ့မှာတော့ တော်တော်ပါသွားတယ်။ ဘဏ်တာဝန်ရှိသူတွေနဲ့ သွားတွေ့တဲ့အခါ ဒီလိုကြုံရတဲ့အကောင့်တွေကို ပိတ်ထားတယ်လို့ ပြောတယ်။ အဲဒီအကောင့်ပိုင်ရှင်တွေထဲက ကျနော်တယောက်ပဲ ခုလို လာပြောသေးတယ်တဲ့။ ကျနော့်အကောင့်ကို ပြန်ဖွင့်ပေးတယ်။ ဒီကိစ္စတွေ သူတို့ စုံစမ်းနေပြီလို့လည်း ပြောတယ်။ ငွေကတော့ ပြန်မရဘူးပေါ့” လို့ ပြောပါတယ်။

ဖုန်းနံပါတ်နဲ့ ချိတ်ဆက်ထားတဲ့ မိုဘိုင်းလ်ပိုက်ဆံတွေကိုလည်း လိမ်လည်သူတွေက နည်းမျိုးစုံနဲ့ လျှို့ဝှက်နံပါတ်ပြောင်း ဝင်ရောက်ပြီး ငွေထုတ်ခံရတာလို့ သူကဆိုပါတယ်။

ဒီလိုကြုံရသူတွေက ဖေ့စ်ဘွတ်ခ်မှာ ရေးကြတဲ့အခါ အော်ရီဒူးရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာက သူတို့ဆီကို အချက်အလက်တွေ လာပြောကြဖို့ မှတ်ချက်ပေးထားတာ တွေ့ရပေမဲ့ တကယ်တမ်းတော့ မဖြေရှင်းပေးနိုင်ဘူးလို့ ကြုံခဲ့ရသူတွေက ပြောပါတယ်။

ပုသိမ်မြို့မှာနေထိုင်ပြီး အခုလို ကြုံခဲ့ရသူတယောက်က “အော်ရီဒူးပဲ။ ပေါ်ကတည်းက စသုံးခဲ့တာ။ မှတ်ပုံလည်း တင်ထားတယ်။ သုံးလည်း သုံးနေတယ်။ အဲဒါကို ကတ်အသစ် ထုတ်ပေးလိုက်တယ်။ အော်ရီဒူးဆိုင်ကို ပြောတော့ ပုသိမ်မှာ ကတ်ပြန်ထုတ်လို့ မရဘူးတဲ့။ ပြည်တို့၊ ရန်ကုန်တို့သွားမှ ရမယ်လို့ ပြောတယ်။ အခုလိုကြုံရတာကို ဘယ်လိုဖြေရှင်းပေးမလဲ မေးတော့ ရဲစခန်းမှာ အမှုဖွင့်ဖို့ပြောတယ်။ အဲဒီလို အမှုဖွင့်ရင်က လက်ရှိသုံးနေတဲ့ဖုန်းကို သက်သေအဖြစ် သိမ်းခံရဦးမယ်။ မှတ်ပုံတင်ထားတဲ့ကတ်ကို လွယ်လွယ်ထုတ်ပေးလိုက်တာကိုက သူတို့အမှား” လို့ ပြောပါတယ်။

သူဟာ အွန်လိုင်းက ဈေးရောင်းတာကြောင့် အခုလိုလုပ်ခံရတာဖြစ်နိုင်ပြီး မိုဘိုင်းလ် ပိုက်ဆံအိတ်မှာတော့ ငွေနည်းနည်းပဲရှိလို့ ပါမသွားဘူးလို့ ပြောပါတယ်။

အခုကြုံတွေ့နေရတဲ့ပုံစံကတော့ ခိုးယူမယ့်ဖုန်းဆီကို ဖုန်း Miss Call ပေးပြီး ပြန်ခေါ်လာတဲ့အခါ အထွက်ခေါ်ဆိုတဲ့နံပါတ်ကို ဆိုင်မှာ ပြောပြနိုင်တာကြောင့် ကတ်အသစ်ထုတ်လို့ ရသွားတာ ဖြစ်နိုင်တယ်လို့ ကြုံခဲ့သူတွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ အထွက်ခေါ်ဆိုတဲ့ ဖုန်းနံပါတ် ၃ ခု၊ မှတ်ပုံတင်၊ ဆင်းမ်ကတ်ရဲ့အခွံ စတာတွေလည်း လိုအပ်တာကြောင့် အခုအသစ်ထုတ်ယူသွားတာတွေဟာ ပုံမှန်နည်းလမ်းတော့ မဟုတ်ဘူးလို့လည်း ဝေဖန်ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ DVB အနေနဲ့ အော်ရီဒူးမြန်မာကို အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာ မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်နေတဲ့အကြောင်းနဲ့ စီမံခန့်ခွဲမှုကော်မတီက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပြီးတဲ့အခါ တွေ့ရှိမှုတွေကို လိုအပ်ရင် အကြောင်းပြန်ကြားပေးသွားမယ်လို့ ပြန်စာပေးပို့လာပါတယ်။

အခုလို ကတ်အသစ်ထုတ်ခံရတာတွေဟာ အော်ရီဒူးသုံးသူတွေပဲ အများအားဖြင့် ကြုံတွေ့နေကြရပြီး တခြား မိုဘိုင်းအော်ပရေတာတွေရဲ့ ဆင်းမ်ကတ်တွေမှာလည်း ငွေကြေးအများကြီး ပေးဝယ်ထားတဲ့ လေလံနံပါတ်အလှကို ကတ်အသစ်ထုတ်ခံရတာ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။

ဒါ့အပြင် ဖုန်းတွေ ခါးပိုက်နှိုက်ခံရတဲ့အခါ ခါးပိုက်နှိုက်တွေဟာ ဖုန်းရဲ့လော့ခ်ကို ဖွင့်မရပေမဲ့ ဆင်းမ်ကတ်ကို ထုတ်ယူပြီး မိုဘိုင်းပိုက်ဆံအိတ်က ငွေတွေကို ခိုးယူတာတွေရှိလို့ အော်ပရေတာကို ဆက်သွယ်ပြီး ဖုန်းကတ်ကို အမြန်ပိတ်ခိုင်းကြဖို့နဲ့ ဘဏ်တွေကို ဆက်သွယ်ပြီး အကောင့်တွေကို ပိတ်ခိုင်းဖို့ ကြုံခဲ့ရသူတွေက အကြံပြု တိုက်တွန်းပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013