Home
မြန်မာသတင်း
ကရင်သတင်းဌာနအယ်ဒီတာချုပ် နန်းဖော့ဂေ သတင်းမီဒီယာ အမျိုးသမီးခေါင်းဆောင်မှုဆုရ 
DVB
·
May 15, 2024
NanPawGay_15052024

ကမ္ဘာတဝန်း သတင်းမီဒီယာလောကမှာ ဦးဆောင်နေကြတဲ့ အမျိုးသမီးခေါင်းဆောင်တွေကို ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ် Women in News (WIN) Editorial Leadership Award ဆုကို မြန်မာနိုင်ငံက ကရင်သတင်းဌာန (KIC) ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေက အရှေ့တောင်အာရှဒေသ ကိုယ်စားပြုအနေနဲ့ ရွေးချယ်ချီးမြှင့်ခံရပါတယ်။

ကမ္ဘာ့သတင်းစာနယ်ဇင်းထုတ်ဝေသူများအသင်း (WAN-IFRA)ကနေ ရွေးချယ်တဲ့ ဒီဆုကိုတော့ အာဖရိက၊ အာရပ်ဒေသနဲ့ အရှေ့တောင်အာရှ ဒေသတွေ ကိုယ်စားပြု ရွေးချယ်ချီးမြင့်တာဖြစ်ပြီး နန်းဖော့ဂေနဲ့အတူ တန်ဇန်းနီးယား အခြေစိုက် The Guardian သတင်းဌာန မန်နေးဂျင်းအယ်ဒီတာ ဘီးထရေ့စ် ဘန်ဒါဝေနဲ့ ပါလက်စတိုင်း/ ဆီးရီးယား အခြေစိုက် Al Jazeera သတင်းဌာန မန်နေးဂျင်းဒါရိုက်တာ ဒီမာ ကာတိဘ်တို့ကိုလည်း ရွေးချယ်ချီးမြှင့်တာပါ။

WAN-IFRA အဖွဲ့ရဲ့ စီအီးအို ဗင်းဆင့် ပေးရန့်ညာက ဒီဆုတွေကို ပေးအပ်တာက မီဒီယာလောကရဲ့ စံနမူနာအနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေအတွက်သာမက နိုင်ငံပြင်ပထိ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို လှုံ့ဆော်ပေးနိုင်ဖို့ ရည်ရွယ်ပေးအပ်တာလို့ ပြောပါတယ်။

မြန်မာနိုင်ငံကနေ ရွေးချယ်ခံခဲ့ရတဲ့ နန်းဖော့ဂေကတော့ ကရင်သတင်းဌာန (KIC) မှာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် တာဝန်ကိုတော့ ၂၀၀၈ ခုနှစ်ကနေ လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေတာလို့ KIC သတင်းဌာနက ဖော်ပြပါတယ်။

အလားတူ  BNI မှာ ၂၀၁၂ ခုနှစ်က စတင်ပြီးတော့ Development officer, Executive director နဲ့ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌတာဝန်တွေကို လုပ်ဆောင်ခဲ့သလို လတ်တလောမှာတော့  လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM ရဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးကောက်ခံထားရပြီး ဆက်လက်တာဝန်ယူဆောင်ရွက်နေတာပါ။

အခုလိုဆုရတာနဲ့ ပတ်သက်ပြီး  နန်းဖော့ဂေက “ဒီဆုက အရှေ့တောင်အာရှ ကိုယ်စား မြန်မာနိုင်ငံအနေနဲ့ ရရှိတာဆိုတော့ ဂုဏ်ယူမိပါတယ်။ မီဒီယာအလုပ်ဆိုတာက စိတ်ဖိစီးမှုအများဆုံး အလုပ်လည်းဖြစ်တော့ ဒီလိုအသိအမှတ်ပြုဆုဟာ လွတ်လပ်တဲ့ မြန်မာမီဒီယာထဲက အမျိုးသမီးသတင်းသမားတွေအတွက် မီဒီယာလောကမှာ ရေရှည်လုပ်ကိုင်ဖို့ ကြီးမားတဲ့ စိတ်ခွန်အားတွေ ရရှိစေတယ်လို့ ထင်ပါတယ်”လို့ DVB ကိုပြောပါတယ်။ 

သွားလာရေးအခက်အခဲရှိလို့ ဆုကိုတော့ ကိုယ်တိုင်သွားယူနိုင်မှာမဟုတ်ဘူးလို့ နန်းဖောဂေက ပြောပါတယ်။ 

Women in News (WIN) Editorial Leadership Award ဆုကိုချီးမြှင့်လာတာ အခု ၂ဝ၂၄ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ လာမယ့် မေ ၂၇ ရက်ကနေ ၂၉ ရက်အထိ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့သတင်းမီဒီယာညီလာခံမှာ  ကျင်းပသွားဖို့ ရှိနေပါတယ်။

Photo-WIN

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013