(က)
ဒီကနေ့တော့ ရွာတောင်ကျောင်းသို့ခေါ်၍ လိုက်ခဲ့ရပါ၏။ စိမ်းသရဖူစိမ်း ကျောင်းထိုင်ဆရာတော် ဦးအစိမ်းတ၏ ယောက်ဖဖြစ်သည့် အဘမောင်ဝင်းဆိုသူ ရောက်နေသည်ဆို၍ သွားတွေ့ကြမှာပါတဲ့ ခင်ဗျ။
“မောင်ဝင်းက ငယ်ငယ်ကတည်းက စစ်ထဲဝင်သွားတာ၊ နောက်ပိုင်း တိုင်းရင်းသူတဦးနဲ့ အိမ်ထောင်ကျတယ်။ အရင်ကတော့ လေးငါးနှစ်တခါ ရွာပြန်ပြန်လာတတ်တယ်ကွ”
“အေးကွ မူးသာရ . . . တပ်ထဲမှာတော့ ငါနဲ့မဆုံဘူး၊ ရွာပြန်လာတဲ့အခါမှ ဆုံတယ်”
“ဒီကောင်က နောက်ပိုင်း တပ်က ပင်စင်ယူပြီးတဲ့အခါ အဲသည်တိုင်းရင်းသားဒေသမှာပဲ အခြေချသွားတာ ကြာလှပြီပဲ လုံးတုံးရာ”
အဘတို့၏ ပြောစကားများအရ ထိုအဘမောင်ဝင်းမှာ တပ်မှ အငြိမ်းစားယူပြီးနောက် ရွာသို့ပြန်မရောက်တော့ဘဲ ထိုဒေသမှာပဲ စာမလာ သတင်းမကြား နေနေခဲ့ပြီး ယခုအချိန်ကျမှ ရုတ်တရက်ဆိုသလို ပြန်ရောက်လာသည်ဆို၍ သူတို့သူငယ်ချင်းကို သွားတွေ့ဖို့ ထွက်လာကြခြင်းပါ။
ဆရာတော် ဦးအစိမ်းတ၏ အစိမ်းရောင် နံရံအုတ်တံတိုင်းကြီးကား အသစ်ပြန်မသုတ်၍ စိမ်းဖျော့ဖျော့ ညစ်တစ်တစ်ကြီး ဖြစ်နေလေပြီတကား။ ကျောင်းဝန်းအတွင်း ညောင်ပင်ကြီးနား ရောက်တော့ စကားသံတွေ ကြားရပါပေ၏။
“မောင်ဝင်း . . . . မင်းကွာ နေနိုင်လိုက်တာ၊ ခုမှပဲ ပေါ်လာတော့တယ်”
“တင်ပါ့ဘုရား . . . ဟိုမှာ အခြေကျနေေတာ့လည်း ပြန်ဖို့မလွယ်ဘူး ဘုရား”
အုပ်ဆိုင်းလှသည့် ညောင်ပင်ကြီးအောက်မှာ ခုံတန်းလျားရှည်ချကာ ထိုင်ရင်း အပူရှောင်နေတော်မူသည့် ဆရာတော်နှင့် မြေကြီးပေါ်က ဖျာကြမ်းပေါ်မှာ ဝပ်ပြုလျက်ရှိသည့် စစ်ပြန်ဒကာတော်တို့က ကျွန်ုပ်တို့ အားမြင်တော့ “လာကြ လာကြ” ဟု ဆိုပါလေ၏။
ဆရာတော်ကို ဝပ်ပြုပြီးသည်နှင့် ငယ်သူငယ်ချင်းတွေ ဖက်လဲတကင်း နားရင်းအုပ်ကြပါလေတော့၏။
“မောင်ဝင်း . . . မင်းကွာ အတော့်ကိုကြည့်ယူရတယ်၊ ‘အို’ သွားပါရောလားဟ”
“အေးကွ၊ မင်းတို့ကတော့ ငါ့ထက် နုပါ့”
“မင်းကိုမြင်ရတာ ‘အဘ’ ဖြစ်နေပါရောလား”
“ဟား ဟား ဟား ဟား ဟား ဟား”
“ငါ့ကို ‘အဘ’ တော့ မလုပ်ပါနဲ့ကွာ . . . ‘အဘိုးကြီး’ လောက်ဆို တော်ပါပြီ”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“‘အဘ’ ဆိုတော့ ဘာဖြစ်လို့လဲ အဘ”
“အေး . . . အခုခေတ်မှာ ‘အဘ’ ဆိုရင် ‘သူခိုးဓားပြ’ လို အဓိပ္ပာယ်ထွက်နေတာ မဟုတ်လားဟ”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
“ဟှူး. . . . . . .”
စိမ်းသရဖူစိမ်း ဆရာတော် ဦးအစိမ်းတ၏ သက်ပြင်းချလိုက်သံ အရှည်ကြီးကို ကြားလိုက်ကြရပါလေတော့၏။
(ခ)
ငယ်ပေါင်းဆရာတော်က ငယ်ပေါင်းဒကာတော် မောင်ဝင်းကို သိလိုသည်များအား မေးတော်မူပါလေ၏။
“မင်းအခု ရွာမှာ ဘယ်လောက်ကြာအုံးမှာလဲ မောင်ဝင်း”
“ပြောလို့မရသေးပါဘူး ဘုရား . . .”
“ဘယ်လို . . .”
“သုံးလေးလလည်း ကြာချင်ကြာမယ်၊ သုံးလေးနှစ်လည်း ကြာရင်ကြာမယ် ဘုရာ့”
“မင်းဟာက မဟုတ်သေးပါဘူးကွာ”
“ဟုတ်တယ်ဘုရား . . . အခန့်မသင့်ရင် ဒီကောင် ဒီရွာမှာတောင် ‘ခေါင်းချ’ ချင် ချမှာ”
“ဟေ . . .”
“ဟိုမှာက ကျီးလန့်စာ စားနေရတာ၊ ဘယ်နေ့ အသက်နဲ့ကိုယ် အိုးစားကွဲမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ဘုရာ့”
“လူတွေအသတ်ခံရ၊ အိမ်တွေမီးရှို့ခံရ၊ ဘုန်းကြီးကျောင်းတွေ အဖျက်ခံရ၊ ရွာတွေ မီးလောင်တိုက်အသွင်းခံနေရဆို၊ TV သတင်းတွေမှာ အမြဲမြင်နေရတယ်ကွ”
“အမှန်ပါပဲ ဘုရား . . . ဒါကြောင့်လည်း တပည့်တော်တို့မိသားစုတောင် အခုလို ရှောင်ပြေးလာကြရတာလေ”
“အိမ်း . . တယ်လည်း ဆိုးဝါးလှပါလား”
“တပည့်တော်တို့ရွာမှာဆို အိမ်တိုင်းစေ့ ‘ဗုံးခိုကျင်းတွေ’ တူးပြီး အဲသည်အထဲမှာပဲ အစာစား၊ အဲသည်အထဲမှာပဲ ‘အဝှာ’ သွားနဲ့ ဒုက္ခရောက်လိုက်ကြတာ ဘုရာ့”
“အေးကွ . . . အဲဒါ PDF တွေရဲ့ ရက်စက်မှုတွေပဲဟ”
“မ . . . မဟုတ်ဘူး ဘုရာ့ . . . မအလရဲ့တပ်တွေက လက်နက်ကြီးတွေနဲ့ထုလိုက်၊ လေယာဉ်နဲ့ ဗုံးလာလာကြဲလိုက်ကြောင့် လူတွေ အတိဒုက္ခရောက်ကြရတာ”
“ဟမ် . . .”
“တိုင်းရင်းသားတပ်တွေနဲ့ PDF တွေက ရပ်ရွာကို စောင့်ရှောက်သလောက် မအလတပ်တွေက ရက်စက်လွန်းလှပါတယ်ဘုရာ့၊ ယုတ်မာလွန်းလှပါတယ် ဘုရာ့”
“အမ် . . မင်းဟာက ဟုတ်လို့လားကွာ”
“ဟုတ်လိုက်သမှ ဘုရာ့ . . . တပည့်တော်တို့ရွာဆို အကြောင်းမဲ့ ဗုံးလာလာကြဲတာများ လေယာဉ်မှူးတွေ အပျင်းပြေ ကစားနေသလားတောင် ထင်ရတယ်”
“ဟား ဟား ဟား ဟား ဟား ဟား”
ဆရာတော်ကား စစ်ပြန်ဒကာတော်၏ ကိုယ်တွေ့မှတ်တမ်းများကို နားဆင်ပြီး ကြင်စိုး သာဝ မအလ၏ TV ထဲက မုသာဝါဒ ဧဓဒဂ်ရ ဇော်မဲလုံး၏ ဖောသွပ်သွပ် ဂေါက်တောက်တောက် မျက်နှာကြီးကို မြင်ယောင်တော်မူနေပါပေလိမ့်မည်။ ဒါပေမယ်လို့ မလျှော့သေး။
“ဒါနဲ့ PDF တွေဟာ ရွာတွေထဲဝင်ပြီး စစ်မှုထမ်းဖို့ လူငယ်တွေကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်နေကြတယ် ဆို”
“အဲ . . လူငယ်တွေက PDF ထဲကို ကိုယ့်ဘာသာကိုယ် အားတက်သရော ဝင်ကြတာဘုရာ့၊ လူလတ်ပိုင်းတွေရော လူကြီးပိုင်းတွေပါ PDF ထဲဝင်ဖို့ တန်းစီနေကြတာ အုံးအုံးထပဲ”
“ဟေ . . .”
“စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီး ရိုက်နှက် ခေါ်ဆောင်နေတာက ဘုရားဒကာကြီး မအလရဲ့ လက်ပါးစေ ဖက်ဆစ်တပ်တွေပါ ဘုရာ့”
“အဲ . . .”
“အရှင်ဘုရားက စကစရဲ့ TV က မုသာဝါဒသတင်းတွေကို ခုချိန်အထိ ယုံကြည်တော်မူနေတုန်းကိုး”
“တော် တော် တော် . . . မူးသာ”
“မူးသာတို့ လုံးတုံးတို့ပြောတာ အမှန်ပဲ ဘုရာ့ . . . အခု တပည့်တော်တို့က ကိုယ်တွေ့”
စိမ်းသရဖူစိမ်း ဆရာတော်နှင့် ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်တို့မှာ မျက်နှာ မကောင်းကြပါ။ အဘစောမူးသာတို့ အဘလုံးတုံးတို့ အဘရစ်ချတ်တို့ အဘလှဘူးတို့ သတင်းမှန်တွေကို အမြဲတမ်း ပြောပြသည်ကို မယုံသည်မှာ ထားတော့၊ ယခု အဘမောင်ဝင်းလို ကိုယ်တွေ့သမား၏ စကားကိုတောင်မှ သိပ်အစာမကြေသည့်ပုံစံကား စဉ်းစားစရာ။
“အခုလောက်ဆိုရင် တပည့်တော်တို့ရွာကလေးလည်း လေယာဉ်တွေပေါ်က ကြဲချတဲ့ ဧရာမဗုံးကြီးတွေကြောင့် စိစိညက်ညက်ကြေပြီး မြေပုံပေါ်က ပျောက်လောက်ပါပြီ ဘုရာ့”
“ဟှူး . . . . . ဝှူး . . . . .”
ဆရာတော် ဦးအစိမ်းတကား နောက်ထပ် သက်ပြင်းရှည်ကြီးကို ချတော်မူနေပါလေတော့၏။
(ဂ)
စိမ်းသရဖူစိမ်း ဆရာတော်ကား တမျိုးတဖုံ လှည့်၍ မိန့်တော်မူပြန်ပါလေ၏။
“အေးကွာ . . . မင်းတို့အတွက် စိတ်မကောင်းပါဘူး၊ တကယ်တော့ မင်းတို့ငါတို့ဟာ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်တွေလို ဖြစ်နေကြတာကွ”
“ဘာကို ဆိုလိုတာလဲ ဘုရာ့”
“ဒီလိုကွာ . . . အခု ဟိုဘက် သည်ဘက် ပစ်ကြတယ်၊ အဲသည်မှာ ကြားထဲက ငါတို့ပြည်သူတွေ အလကားသက်သက် ခံနေကြရတာလေကွာ”
“အဲသလိုတော့ မဟုတ်ဘူးဘုရာ့၊ အခုဟာက စီးပွားရေး လူမှုရေး ဘာသာရေးတွေ တိုးတက်ဖွံ့ဖြိုးပြီး အင်မတန်အေးချမ်းသာယာနေတဲ့ ရွာကလေးရဲ့ ငြိမ်းချမ်းမှုကို ရုတ်တရက် ဖျက်ဆီးလာတဲ့ ‘ဓားပြအုပ်စု’ ကို ငြိမ်ခံမနေတော့ဘဲ ရရာလက်နက်နဲ့ ပြန်ချနေကြတာ ဘုရာ့”
“ဟေ . . . . .”
“လုံးတုံးပြောသလိုပါပဲ ဘုရာ့ . . . အခုအခြေအနေကိုပြောရရင် ကြင်စိုး သာဝ မအလတို့ ဖက်ဆစ်တပ်က တဖက်၊ တပည့်တော်တို့ ပြည်သူက တဖက်ပေါ့”
“မူးသာပြောတာ အမှန်ပဲဘုရာ့ . . . မအလ ဆိုတဲ့ ဓားပြဗိုလ်ဟာ ခေတ်အခြေအနေကို နားမလည်ဘဲ ဟိုအရင် သူ့ဆရာ ဓားပြဗိုလ်ကြီးတွေလို ရွာကိုဝင်စီးခဲ့တာ”
“အခုတော့ ‘တရွာနဲ့တယောက်’ ဘဝကို ဆိုက်ရောက်နေပြီလေ”
“အခုဆို သူ့နောက်လိုက်နောက်ပါ ငယ်သားဓားပြလေးတွေဟာ ရပ်ရွာလူထုရဲ့ အထုအထောင်းကြောင့် ဖုဖောင်းရာက ကြွေလွင့်ကုန်ကြတာ မျိုးပြုတ်တော့မယ်”
“အခုတော့ အယုတ်တမာ ဓားပြခေါင်းဆောင် မအလကြီးလည်း ချောင်ပိတ်မိနေပြီဖြစ်လို့ များမကြာမီကာလအတွင်းမှာပဲ ငရဲတွင်းထဲကို ဆင်းသက်ရတော့မယ်”
“ဟှူး . . . . . . . . . .”
သူတို့၏ငယ်ပေါင်း အဘမောင်ဝင်းကို အကြောင်းပြု၍ ဖြစ်တည်လာသော စကားဝိုင်းမှာ ပြီးဆုံးတော့မည်ဟု ယူဆရပါ၏။
ကျန်သူများကား ပေါ့ပေါ့ပါးပါး ရှိကြသလောက် ဆရာတော် ဦးအစိမ်းတနှင့် ဒကာကျော် အဘစိမ်းမောင်တို့ကား လေးလေးပင်ပင်ကြီးတွေနှင့် ငေးငေးခွင်ခွင်ကြီးတွေ ဖြစ်နေကြပါလေ၏။
ခဏအတွင်းမှာပဲ ဖုန်းထဲမှာတက်လာလာသည့် သတင်းကို စစ်ပြန်ကြီး အဘလုံးတုံးက ဖောက်သည်ချပါလေ၏။
“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လေတပ်ထဲကလေယာဉ်တွေ အတောင်ကျိုးတဲ့ အကောင်က ကျိုး၊ အမြီးပြတ်တဲ့ကောင်က ပြတ်တဲ့ဟေ့”
“ဝေး . . . . . ဟေး ဟေး ဟေး ဟေး”
ဆရာတော်ကား ငယ်ပေါင်းဒကာတော်များကို ထားခဲ့ကာ ကျောင်းအောက်ထပ်အတွင်းသို့ ချဉ်းနင်းဝင်ရောက် ကိုယ်ရောင်ဖျောက်ေတာ်မူသွားပါလေ၏။ အဘစိမ်းမောင်လည်း ထိုင်ရမလို ထရမလိုကြီး ဖြစ်နေပါလေ၏။
“ကဲ ကဲ . . . ငါတို့လည်း ပြန်ကြဖို့သင့်ပြီဟ မောင်ဝင်းရ၊ ထ ထ”
“အေးကွာ၊ ပြန်ကြတာပေါ့ မူးသာရာ၊ နောက်ရက်မှ တခေါက် ထပ်လာကြတာပေါ့”
ညောင်ပင်ကြီးအောက် ဖျာကြမ်းပေါ်မှထ၍ ကျောင်းပြင်မှ မရောက်သေးခင်မှာ အဘစောမူးသာ၏ တေးသံသာကြီး ထွက်ပေါ်လာပါလေတော့သတည်း။
“လေယာဉ်ပျံကို ဒုန်းနဲ့ထုရင် ထိလိမ့်မယ် မယုံမရှိနဲ့ အမှန်ပါပဲကွဲ့ . . . အာလူး ကြင်စိုးရဲ့ . . . လေကို နည်းနည်းလျှော့ . . .”
“လူသာကုန်မှာ မင်းဖက်ဆစ်တွေ ကျလို့ရယ် . . . မယုံမရှိနဲ့ အမှန်ပါပဲကွဲ့ . . . . အာလူး သာဝရဲ့ . . . လေကို နည်းနည်းလျှော့ . . .”
“မကြာခင်မှာ မင်းရဲ့အသက်ဟာ ထွက်လိမ့်မယ် . . . မယုံမရှိနဲ့ အမှန်ပါပဲကွဲ့ . . အာလူး မ (-) ရိုးရဲ့ . . . လေကိုနည်းနည်းလျှော့ . . .”
ဖေကြီး(လေရှီး)