Home
မြန်မာသတင်း
ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များကို ဒရုန်းကာကွယ်ရေးပစ္စည်းများ ထောက်ပံ့
DVB
·
May 15, 2024
SoeWin_15052024

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်မ ၁၁ နဲ့ တပ်နယ်အသီးသီးကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက  မေ ၁၃ ရက်နဲ့ ၁၄ ရက်မှာ Jammer နဲ့ Drone Guard  ဒရုန်းကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ တပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မေ ၁၃ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ မှော်ဘီ၊ မင်္ဂလာဒုံ၊ ရဲမွန်တပ်နယ်က တပ်နယ်မှူးတွေနဲ့ တွေ့ဆုံကာ တပ်ရင်းတပ်ဖွဲ့ရုံးတွေနဲ့ တပ်နယ်ရုံးတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ Jammer နဲ့ Drone Guard တွေကို ထောက်ပံ့ပေးခဲ့တာလို့ တပ်နယ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“အများဆုံးထောက်ပံ့ပေးတာ မကြာခဏပစ်ခံနေရတဲ့ မင်္ဂလာဒုံနဲ့ မှော်ဘီတပ်နယ်ကို ပေးတာ၊ ကင်းထောက်ဒရုန်းတွေရော ပါတယ်။ တရုတ်နိုင်ငံထုတ်တွေပါ။ တပ်မ ၁၁ ကို မနေ့ကသွားတာ။”

အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်ရှိရာ အင်းတိုင်နဲ့ ရဲမွန်တပ်နယ်ကို မေ ၁၄ ရက်က ထပ်မံသွားရောက်ပြီး ရုရှားနိုင်ငံထုတ် Jammer နဲ့ Drone Guard အပါအဝင် ကင်းထောက်ဒရုန်း အသေးစား၊ ဗုံးကြဲဒရုန်းတွေပါ ပေးခဲ့တယ်လို့ တပ်မ ၁၁ နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“တပ်မ ၁၁ မှာ တပ်နယ်မှူးတွေ၊ ရကတ တိုင်းမှူးရော တွေ့ပြီး ဒရုန်းတွေ ထောက်ပံ့ပေးတာ၊ ဂျန်မာတွေရော၊ ရန်ကုန်တိုင်းမှာ ဆန္ဒပြတာတွေမဖြစ်ဖို့ ၉ ရက်နေ့က ဖမ်းထားတဲ့ သူတွေကို သေချာစစ်ဖို့၊ ရေကြည်အိုင်ကသူတွေ မှာတယ်၊ ပစ်ခတ်မှုဖြစ်ရင် ဖြစ်တဲ့နေရာကို ကင်းထောက်ဒရုန်းနဲ့ ရှာဖို့ပြောတယ်။”

ဒါ့အပြင် မှော်ဘီတပ်နယ်ရှိ အမှတ် ၅ လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးဌာနချုပ်က ဒရုန်းသင်တန်းသားတွေကို စည်းလုံးညီညွတ်စွာ နေထိုင်ဖို့နဲ့ ဒရုန်းပညာကို ပြီးပြည့်စုံအောင် သင်ကြားဖို့ ညွှန်ကြားခဲ့တယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ လာမယ့် ဇွန်လအတွင်း ကစထမှူးတွေ၊ တိုင်းမှူးတွေကို ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်သွားမှာဖြစ်တယ်လို့ အသိပေး ပြောဆိုထားကြောင်း စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013