Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် မာလကာပင် ဆေးဖက်ဝင်
DVB
·
May 15, 2024
ArticleThaZan_15052024

တော်လှန်ရေးရေချိန် အမြင့်ဆုံးအချိန်ရောက်၊ အာဏာရှင်ကို သင်းသတ်ပြီး နွေဦးခရီး ပြီးဆုံးချိန်လည်း နီးလာပြီ။ အားတင်းချီတက်ရင်း အပြီးသတ်အထိ ခရီးမြတ်ကို ဆက်ကြရဦးမည်။ နွေဦးခရီးမှာ ကျန်းကျန်းမာမာ ခုခံနိုင်ဖို့ လက်လှမ်းမီဆေးပညာက တဖက်တလမ်းမှ ဝိုင်းကူ ပြည်သူနဲ့အတူ တသွေးတသားတည်း ဆက်လက်ချီတက် လက်တွဲပါဝင်လျက်ရှိမြဲ။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မာလကာပင် ဆေးဖက်ဝင်အကြောင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။

မာလကာပင်ကို သိပ္ပံလို Psidium guajava ‌ခေါ်ပြီး guava, yellow guava, lemon guava နဲ့ apple guava စသဖြင့် ခေါ်ကြပါတယ်။

မာလကာသီးမှာ ဗီတာမင်စီ၊ ကယ်လိုရီ၊ ဆိုဒီယမ်၊ ကာဘိုဟိုက်ဒရိတ်၊ ဖိုင်ဘာ၊ သကြား၊ ပရိုတိန်း၊ ဗီတာမင်စီ၊ ဖောလိတ်၊ ပိုတက်စီယမ် စတဲ့အာဟာရဓာတ်များနဲ့ saponin, oleanolic acid, lyxopyranoside, arabopyranoside, guaijavarin, quercetin, flavonoid, Ascorbic acid, citric acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်းများ ပါဝင်ပါတယ်။

မာလကာရွက်မှာ အစိုဓာတ်၊ ပြာ၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ Potassium, Phosphorus, Nitrogen, Ascorbic acid, gallic acid, phenolic ဓာတ်ပေါင်းများ ပါဝင်ပြီး မာလကာသီးနဲ့ အရွက်ဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ခြင်း၊ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း၊ ရာသီလာစဥ် နာကျင်တဲ့ လက္ခဏာများကို သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ခြင်း၊ အစာခြေစနစ်ကို အကျိုးပြုခြင်း၊ ကိုယ်အလေးချိန် လျှော့ချနိုင်ခြင်း၊ ကင်ဆာဆန့်ကျင်ခြင်းနဲ့ ကိုယ်ခံစွမ်းအား မြင့်တက်စေခြင်း စတဲ့အစွမ်းအာနိသင်များ ပါဝင်ပါတယ်။

မာလကာသီးမှာ ပိုတက်စီယမ်နဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင်ဓာတ်တွေ မြင့်မားစွာ ပါဝင်တာကြောင့် သွေးတိုးကျစေခြင်း၊ မကောင်းတဲ့ သွေးတွင်းအဆီကျဆင်းခြင်းနဲ့ ကောင်းတဲ့အဆီကို တိုးလာစေခြင်းတို့ကြောင့် မကောင်းတဲ့အဆီဓာတ် မြင့်မားခြင်းကြောင့် ဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျော့ပါးစေပါတယ်။

မာလကာသီး များများစားခြင်းက အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

မာလကာသီးမှာ ဗီတာမင် သတ္တုဓာတ်များနဲ့ အမျှင်ဓာတ် ကြွယ်ဝပြီး ကယ်လိုရီ နည်းတဲ့အတွက် မကြာခဏ အစာစားလိုစိတ်ကို လျော့နည်းစေကာ ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးနိုင်ပါတယ်။

မာလကာသီးဟာ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တယ်။

မာလကာသီးမှာပါဝင်တဲ့ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသားအရေကို ပျက်စီးစေခြင်းမှ ကာကွယ်ပေးနိုင်ခြင်းကြောင့် မာလကာသီးစားခြင်းက အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးကွေးစေပြီး အရေးအကြောင်းများကို တားဆီးပေးနိုင်ပါတယ်။

မာလကာသီးမှာ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်ဘီ-နိုင်း ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်များ မာလကာသီးစားပေးခြင်းဖြင့် သန္ဓေသားရဲ့ အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေပြီး ကလေးအာရုံကြောဆိုင်ရာ ချို့ယွင်းမှုမှ ကာကွယ်ပေးနိုင်ပါတယ်။

မာလကာရွက်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အတွက် ဆီးချိုရောဂါရှိသူများ မာလကာရွက် လက်ဖက်ရည်သောက်ခြင်းက အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် အဆင့်ကို ကျဆင်းစေပါတယ်။

မာလကာရွက်ဟာ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကို လျှော့ချပေးနိုင်တာကြောင့် မာလကာရွက်သတ္တုရည် နေ့စဉ် ဟင်းစားဇွန်းတဇွန်း သောက်ခြင်းဖြင့် ပြင်းထန်နာကျင်မှုကို လျော့နည်းစေပါတယ်။

မာလကာရွက်ဟာ အစာခြေလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ပိုးသတ်ဆေး ပါဝင်တာကြောင့် ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်တဲ့ အူအတွင်း အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားများကို ချေဖျက်ပေးပြီး ဝမ်းလျှောရောဂါ ပြင်းထန်မှုနဲ့ ကြာချိန်ကို လျှော့ချနိုင်ပါတယ်။ မာလကာရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

မာလကာရွက်မှာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း မြင့်မားစွာ ပါဝင်တာကြောင့် ကင်ဆာဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်းများကြောင့် ဆဲလ်များပျက်စီးခြင်းမှ ကာကွယ်‌ပေးပြီး ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားရာမှာ ကူညီပေးပါတယ်။

မာလကာရွက်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် မာလကာရွက်ကို ဝါးပေးခြင်းက သွားကိုက်ခြင်းကို သက်သာစေပါတယ်။ သွားဖုံးရောင်ခြင်းနဲ့ ခံတွင်းအနာများမှာ မာလကာရွက်ပြုတ်ရည်ကို ငုံပေးခြင်းဖြင့် သက်သာစေပါတယ်။

သွေးအံ သွေးလျှံခြင်းအတွက် မာလကာရွက် သတ္တုရည်ကို ဟင်းစားဇွန်းတဇွန်း တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ နှာခေါင်းတွင်း အစက်ချပေးနိုင်ပါတယ်။

မာလကာရွက် သတ္တုရည်ကို ဦးရေပြားမှာ လိမ်းပေးခြင်းဖြင့် ဆံပင်ကျွတ်တာကို တိုက်ဖျက်ပေးပြီး ဦးရေပြားကို သန်မာစေပါတယ်။

မာလကာရွက်သတ္တုရည်ကို ဝက်ခြံကို လိမ်းပေးနိုင်ပါတယ်။ ဝမ်းနာခြင်း၊ ဝမ်းသွားခြင်း စတာတွေအတွက် မာလကာရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို အစာမရှိချိန် သောက်ပေးနိုင်ပါတယ်။

မာလကာရွက်ကို ရေနွေးနဲ့ပြုတ်ပြီး စားသုံးနိုင်သလို လက်ဖက်ခြောက်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

မာလကာပင်မှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့  မာလကာသီးကို အလွန်အကျွံ စားသုံးခြင်းက ဝမ်းသွားစေနိုင်ပြီး မာလကာရွက်ကို အလွန်အကျွံ စားသုံးမယ်ဆိုရင် လေထိုးလေအောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

နွေဦးပြည်သူတို့ မာလကာပင်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြအပ်ပါတယ်။

ပန်းတိုင်မှာ အတူ ပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024