Home
မြန်မာသတင်း
ကြံခင်းနှင့် ငပုတော ပြည်သူ ၂ ဦး စစ်ကြောရေးတွင် အသတ်ခံရ၊ ကန်ပက်လက်ဒေသခံ ၃၈ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
May 15, 2024
Kan Pat Lat_15052024

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်နဲ့ ငပုတောမြို့နယ်တို့က ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က  မေလ ဒုတိယပတ်အတွင်း သက်ဆိုင်ရာမြို့နယ်တွေမှာ ဖမ်းဆီးပြီး စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာသား ကိုပိုင်မင်းသူကို စစ်ကောင်စီတပ်က မေ ၁၁ ရက် ညနေ ဖမ်းဆီးပြီး မေ ၁၃ ရက်မှာ စစ်ကြောရေးမှာ သေဆုံးကြောင်း မိသားစုကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ခေါ်ယူအသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ကိုပိုင်မင်းသူဟာ မေ ၁၁ ရက် ညနေက ဆိပ်သာကျေးရွာမှာ ဈေးဝယ်သွားပြီးနောက် ဆက်သွယ်မရတော့ဘဲ စစ်ကောင်စီတပ် ဖမ်းဆီးသွားကြောင်း မိသားစုက နောက်မှသိရတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သောကြာဒူးကျေးရွာက ကိုပိုင်မင်းသူကို စစ်ကောင်စီက လမ်းပေါ်မှာ ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းမှန်းမသိဘဲ မြန်အောင်က စစ်တပ်ထဲခေါ်သွားပြီး စစ်ကြောရေးလုပ်ခံရရင်း သေသွားတာ။ ဘာရောဂါမှ မရှိဘူးလေ၊ မိသားစုလိုက်မေးလို့ သိရတာ။ ဖမ်းပြီး တရက်ကြာ နောက်နေ့ သေသွားတယ်။ သူတို့ သင်္ဂြိုဟ်လိုက်တယ်၊ မြန်အောင်ရဲစခန်း ခေါ်ပြောတာ” လို့ DVB ကို ပြောပါတယ်။

ကြံခင်းမြို့မရဲစခန်းကို မိသားစုက မေ ၁၂ ရက်နေ့ သွား‌မေးတော့ မြန်အောင် ၅၁ ခြေလျင်တပ်ထဲ ခေါ်သွားတယ်၊ မေ ၁၃ ရက် နေ့လယ် မြန်အောင် ရဲစခန်းက မိသားစုကို ခေါ်တွေ့ပြီး‌ PDF တွေနဲ့ပတ်သက်တဲ့ သံသယနဲ့ ခေါ်စစ်ကြောင်း၊ စစ်ဆေးစဉ် ရောဂါနဲ့ သေဆုံးသွားကြောင်း ပုံပြပြီး အသိပေး သင်္ဂြိုဟ်လိုက်ကြောင်း ခေါ်အသိပေးတယ်လို့ ဆိုပါတယ်။

ငပုတောမြို့နယ်၊ NLD မြို့နယ်အလုပ်အမှုဆောင် ဦးသန်းထွန်းကိုလည်း မေ ၅ ရက်က ဟိုင်းကြီးရေတပ်ကို ဖမ်းဆီးသွားပြီး မေ ၉ ရက်နေ့မှာ ‌ဦးသန်းထွန်း ရုပ်အလောင်းကို ကျောက်ချောင်းဆေးရုံ လာရောက်ပို့ဆောင်ခဲ့ကြောင်း ငပုတော‌ဒေသခံတွေထံက သိရပါတယ်။

Photos - ငပုတောမြို့နယ် NLD မြို့နယ်အလုပ်အမှုဆောင် ဦးသန်းထွန်းပုံ

ငပုတောမြို့နယ်၊ မရမ်းကွင်းကျေးရွာမှာ နေထိုင်တဲ့ ဦးသန်းထွန်းကို နေအိမ်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းခဲ့တာဖြစ်ပြီး PDF ထောက်ပံ့တယ်ဆိုကာ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး သေဆုံးခဲ့တာလို့ ငပုတောဒေသခံ အမျိုးသမီးတဦးက DVB ကို ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီတပ်က ဧရာဝတီတိုင်း မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာကြောင်း သိရပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အုံရွာမှ ရွာခံ ၃၈ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၂ ရက် ညနေက ကျင်ဒွေးမြို့ဘက်က ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေက အုံရွာက ရွာသား ၃၈ ယောက်ကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက အုံရွာထဲမှာ အထိုင်ချထားပြီး ဖမ်းဆီးထားသူတွေကို သူတို့နဲ့အတူ ခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ၅ နှစ်အောက် ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်ပြီး ရွာထဲ စစ်ကောင်စီတပ်သားတွေ ဝင်လာချိန်မှာ ထွက်ပြေးဖို့ အချိန်မမီလို့ ဖမ်းဆီးခံထားရတာလို့ ဒေသခံတဦးက ပါတယ်။

“တနင်္ဂနွေညနေပိုင်းမှာ ကျင်ဒွေးကဆုတ်လာတဲ့ စစ်ကောင်စီတပ်သားတွေက အုံရွာကိုဝင်ပြီး လူအတော်များများ ဖမ်းထားတယ်။ အဲဒီလူတွေကို ရွာထဲမှာပဲ ထားထားတယ်။ အိမ်တလုံးကိုလည်း မီးရှို့လိုက်တယ်၊ ဘယ်သူ့အိမ်လဲတော့ မသိရဘူး။ ရွာထဲမှာ သေနတ်တွေဖောက်ပြီး အဲဒီ ၃၈ ယောက်ကို ဖမ်းထားတာ။ ကျန်တဲ့ရွာသားတွေက အဝတ်တထည် ကိုယ်တခုနဲ့ မိုင် ၂၀ ကျော်လောက်ဝေးတဲ့ ခရီးကို တောလမ်းနဲ့ သူတို့ပြေးပြီး တနေရာမှာ စစ်ရှောင်နေရတယ်။ အဲဒီရွာက ကျင်ဒွေးနဲ့နီးတယ်၊ အုံရွာအနောက်ဘက်က ထန်းကုန်းရွာဟောင်းဘက်မှာ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

အုံရွာအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ရှိနေတဲ့အတွက် အုံရွာ၊ ချိုင်လောင်းရွာက ပြည်သူ ၁၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဧပြီ ၂၉ ရက် မနက် ၉ နာရီခွဲမှာ ကျင်ဒွေးမြို့က စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ပြီးနောက် ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ခဲ့ပြီး မေ ၁ ရက် ညနေပိုင်းကစပြီး မြို့အပြင်ဘက်မှာ စစ်ကောင်စီတပ်သား အင်အား ၅၀၀ ကျော်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013