Home
မြန်မာသတင်း
တိုင်းရင်းသားခေါင်းဆောင်အချို့ နှင့် ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာ ဒုအကြီးအကဲတို့ တွေ့ဆုံ
ဇော်ဇော်လှိုင်
·
May 15, 2024
KNU KNPP Jpana_15052024

ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တချို့နဲ့ ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒုအကြီးအကဲ ကိုမူရာမာဆာဟီရိုတို့ မေ ၁၄ ရက် မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အမတ်လည်းဖြစ်တဲ့ မစ္စတာကိုမူရာနဲ့ တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)  ပဒိုစောကွယ်ထူးဝင်းနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ ဥက္ကဋ္ဌအဖြစ် ခူးဦးရယ်တို့ ပါဝင်ပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ တဆင့် အခြေအနေတွေကို ဆက်လက်အဖြေရှာ လုပ်ဆောင်သွားမယ်လို့ ပါလီမန် ဒုအကြီးအကဲ မစ္စတာတခမူယက ကတိပြုပြောကြားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေကလည်း ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေရဲ့ အစဉ်မပြတ်ကူညီ ပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေကို ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍအတွက် မျှော်လင့်ချက်တွေကို  ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံရှိ ကိစ္စရပ်တွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ဆက်လက် အနီးကပ် ဆက်သွယ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နှစ်ဖက်စလုံးမှ အတည်ပြု ပြောကြားခဲ့ကြပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားခြင်းမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးနဲ့ ပညာရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာလည်း လတ်တလော ဂျပန်နိုင်ငံမှာရောက်ရှိနေပြီး ဂျပန်ရောက် မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ 

Photo-MOFA Japan

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024