Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ပြည်ပအားကိုးဖြင့် နည်းပညာမြင့် တိုက်ခိုက်ရေးဒရုန်းများ သုံးလာ
DVB
·
May 15, 2024
Drone01_15052024

စစ်ကောင်စီတပ်တွေဟာ နည်းပညာမြင့် တိုက်ခိုက်ရေးဒရုန်းတွေကို ပိုမိုအသုံးပြုလာပြီး  ဒရုန်းမောင်းဖို့အတွက် တရုတ်၊ ရုရှား စတဲ့နိုင်ငံတွေက ပြည်ပကကျွမ်းကျင်သူတွေ လာရောက် သင်ကြားပေးနေတယ်လို့ CDM စစ်တပ်အရာရှိဟောင်းတွေထံက သိရပါတယ်။

လာမယ့် ပွင့်လင်းရာသီ စစ်မြေပြင်အတွက် စစ်ကောင်စီက ဒရုန်းတပ်တွေကို အားစိုက်ပြင်ဆင်မှုတွေ လုပ်နေတာလို့လည်း ဆိုကြပါတယ်။

အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုဒဏ်ကို အထိအခိုက်များစွာနဲ့ ခံစားခဲ့ရပြီးနောက်မှာ စစ်ကောင်စီဟာ သူ့ရဲ့ ဒရုန်းတပ်တွေကို နည်းပညာပိုင်း၊ ရုပ်ဝတ္ထုပိုင်း အားဖြည့်မှုတွေ လုပ်လာတာပါ။

ဧပြီလထဲမှာ ဗိုလ်ချုပ်ကြီးမိုးအောင်ရဲ့ ရုရှားခရီးစဉ်အပြီးမှာ စစ်ကောင်စီတပ် ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်သန်းနဲ့အဖွဲ့က ရုရှားကိုထပ်သွားပြီး Orion-2 UAV ဒရုန်းတွေကို မေလဆန်းပိုင်းမှာ သွားဝယ်ခဲ့တာလို့ စစ်ဘက်နဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

တပ်တွင်း သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီဟာ ဒရုန်းသင်တန်းတွေကို လေကြောင်းရန်ကာကွယ်ရေးတပ်တွေမှာ အခြေပြုပြီး ဖွင့်နေကာ ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံက နိုင်ငံခြားသားနည်းပြတွေက စစ်ကောင်စီက အရာရှိ စစ်သည်တွေကို ဒရုန်းနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတဦးက “ဗိုလ်ချုပ်ကြီးမိုးအောင်က ၂၄ ရက်မှာ ရုရှားသွားတယ်။ သူသွားနေတဲ့အချိန်မှာပဲ လေကြောင်းရန်မှာ ဒရုန်းသင်တန်းတွေ ပေးတယ်။ သူပြန်လာတော့ ဗိုလ်ချုပ်ခင်မောင်သန်းတို့ တခေါက်ထပ်သွားပြီး ဒရုန်းတွေရော ဒရုန်းဂန်းတွေရော သွားဝယ်တာ။ အစင်းရေဘယ်လောက်ဝယ်လာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဝယ်ယူလာတယ်ဆိုတဲ့ Orion-2 UAV ဒရုန်းတွေကို မြေပြင်မှာ အသုံးပြုနေပြီ ဆိုတဲ့ အထောက်အထား မရှိသေးပေမဲ့ သူတို့မှာရှိပြီးသား တရုတ်ထုတ် CH-3 နဲ့ CH-4 တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ရုရှားထုတ် ကင်းထောက်ဒရုန်းတွေကိုတော့ တွင်တွင်ကျယ်ကျယ် သုံးနေတယ်ဆိုတဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုမှုတွေ ရှိလာပါတယ်။

ကင်းထောက်ဒရုန်းမဟုတ်တဲ့ တိုက်ခိုက်ရေးဒရုန်းတွေဟာ ထိန်းချုပ်စခန်းတွေကနေမှ တဆင့် ပျံသန်းမှုတွေ လုပ်ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေကြား ဘယ်လိုသတင်းဖြန့်ဝေမှုတွေလုပ်ပြီး တိုက်ခိုက်မှုတွေလုပ်မလဲဆိုတာ ရှိလာပါတယ်။

ဒါ့အပြင် ပဲ့ထိန်းဒုံးကျည်တွေ၊ ပဲ့ထိန်းဗုံးတွေက နိုင်ငံခြားကနေပဲ ဝယ်မှ ဖြစ်နိုင်မယ့်အတွက် အကန့်အသတ်နဲ့သာ သုံးဖို့ ရှိနိုင်မယ်လို့ စစ်လက်နက်လေ့လာသူတွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေဘက်မှာတော့ စစ်ကောင်စီဒရုန်းတွေကို ပစ်ချနိုင်ဖို့ လက်နက်မရှိတဲ့အတွက် ဒရုန်းမမြင်အောင် ရှောင်တဲ့ ပုန်းတဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုဖို့ ရှိဦးမယ်လို့ စစ်လက်နက်လေ့လာသူ Tactical Raptor က ပြောပါတယ်။

“ပြောရရင် ကိုယ်တွေဘက်က ဒရုန်းတွေကို ပစ်ချစရာ လက်နက်မရှိဘူး။ ဒီလို ဒရုန်းတွေက အမြင့်ကနေ ပျံတာမို့လို့ လက်နက်ငယ်နဲ့ ပစ်ချလို့လည်း မရနိုင်ဘူး။ အဲ့တော့ ဒရုန်းမမြင်အောင် ရှောင်တဲ့၊ ပုန်းတဲ့ နည်းတွေကိုပဲ အားကိုးရဖို့ရှိတယ်။ စကစက ဒရုန်းသုံးပြီးရင် ရလာတဲ့‌ ထောက်လှမ်းရေးအချက်အလက်တွေကို သူ့တပ်ဖွဲ့‌တွေကြား ဘယ်‌လောက်မြန်မြန်ဆန်ဆန် ပြန်ဖြန့်ဝေပြီး အခွင့်အရေးကို အသုံးချနိုင်မလဲဆိုတာတော့ ရှိဦးမယ်။ မတူတဲ့အဖွဲ့တွေဖြစ်တဲ့ ဒရုန်းအဖွဲ့၊ ကွပ်ကဲရေးဌာန၊ မြေပြင်စစ်ကြောင်း၊ လက်နက်ကြီးပစ်ကူတွေကြား မြန်မြန်ဆန်ဆန် ချိတ်ဆက်ပြီး တိုက်ကွက်ဖော်ဆောင်တယ် ဆိုတာ ထင်သလောက်တော့ မလွယ်ဘူး။ အချိန်ကြာလာရင်တော့ အချိတ်အဆက်ပိုမိလာပြီး ပစ်မှတ်တခုတွေ့တာနဲ့ kill chain မြန်လာနိုင်တယ်။ အစပိုင်းမှာတော့ အချိတ်အဆက်မမိတာ၊ ဗဟိုချုပ်ကိုင်စနစ်တွေ ရှိနေရင် ထင်သလောက် အလုပ်မဖြစ်လောက်ဘူး။ အချိန်ကြာလာရင်တော့ သူတို့ ပိုပြီး အကျွမ်းတဝင်ဖြစ်လာမယ့် အနေအထားတော့ ရှိနေတယ်” လို့ သုံးသပ်ပြောပါတယ်။

နည်းပညာမြင့် တိုက်ခိုက်ရေးဒရုန်းတွေထက် ၆၀ မမ၊ ၈၁ မမ ဗုံးသီးတွေ၊ မီးလောင်ဗုံးတွေ သယ်နိုင်တဲ့ ပန်ကာ‌ခြောက်ခုနဲ့ လေးခုပါ ဒရုန်းတွေနဲ့ FPV လို့ခေါ်တဲ့ အသေခံဒရုန်းတွေကိုလည်း စစ်ကောင်စီတပ်က အားဖြည့်ပြီး သုံးလာပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်း/UAV တွေက နေရာမရွေး အချိန်မရွေး ရာသီဥတုမရွေး သုံးလို့ရတဲ့ အနေအထားမှာရှိကြောင်း CDM ဗိုလ်ကြီး အောင်မျိုးထက်က ပြောပါတယ်။

စစ်ကောင်စီဟာ လာမယ့် ပွင့်လင်းရာသီအမီ တိုက်ခိုက်ရေးတပ်တွေနဲ့အတူ ဒရုန်းတွေကို အင်ပြည့်အားပြည့် သုံးလာမယ့်အခြေအနေတွေအတွက် ပြင်နေတာလို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ဒရုန်းတွေကို  ရုရှားကနေဝယ်တဲ့အပြင် ခု နည်းပညာတွေပေါ့ သင်တန်းတွေပါ ပေးနေတယ်။ တိုင်းစစ်ဌာနချုပ်တခုမှာ သင်တန်းတခုဖွင့်တယ်။ များသောအားဖြင့် လေကြောင်းရန်ကာကွယ်ရေးတပ်တွေမှာ အခြေပြုပြီး ဖွင့်တယ်လို့ သိရတယ်။ ကျနော်တို့ ကြားထားရတာဆိုရင် လာမယ့်စက်တင်ဘာလောက်ဆို မြေပြင်ကိုရောက်မယ်၊ စစ်ဆင်ရေးတွေမှာ စပြီးသုံးမယ်၊ ပြီးတော့ PDF တွေအပြင် ERO တွေနဲ့တိုက်တဲ့အချိန်မှာ လက်လွှတ်ထားရတဲ့ နယ်မြေတွေရှိတယ်။ အဲ့နယ်မြေတွေကိုပါ တိုက်စစ်ဆင်လာမယ်လို့ သိရပါတယ်။ လောလောဆယ် စစ်ဆင်ရေးနယ်မြေတွေကို ပို့တယ်လို့တော့ တွေ့ရတယ်။ လက်တွေ့မှာ အရေအတွက်များများ မပို့နိုင်သေးဘူး။ စက်တင်ဘာလလောက်မှာ တိုက်ခိုက်ရေးတပ်တွေနဲ့အတူ ဒရုန်းကိုင်တဲ့အဖွဲ့လေးတွေ တွဲဖက်လာလိမ့်မယ်။ အင်ပြည့်အားပြည့်နဲ့ တိုက်ပွဲတွေရှိနေတဲ့နေရာတွေ သူတို့စခန်းတွေမှာ သုံးမယ်ပေါ့။”

တော်လှန်ရေးတပ်တွေနဲ့ နေရာအနှံ့က တိုက်ပွဲတွေမှာ လေယာဉ်တွေကို နေ့စဉ်သုံးနေရတာကြောင့် ကုန်ကျစရိတ် လျေှာ့ချနိုင်ဖို့ ဒရုန်းတွေကို အင်အားဖြည့်လာတာလို့ ပြောဆိုမှုတွေရှိပြီး စစ်ကောင်စီဟာ မြဝတီကိုသွားနေတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ ကော့ကရိတ်တိုက်ပွဲတွေမှာ နည်းပညာမြင့် ဒရုန်းတွေကို အများအပြား သုံးလာနေတယ်လို့ တော်လှန်ရေးတပ်တွေထံက သိရပါတယ်။

ကော့ကရိတ်မြို့အနီး ဒေါနတောင်ခြေ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူအပြင် ဒရုန်းတွေကို ပိုအသုံးပြုလာတယ်လို့ စစ်မြေပြင်ရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးစားနေပြီး နေ့စဉ်လိုလို KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လူအင်အားအစား ဒရုန်းတွေကို ပိုပြီး အသုံးပြု တိုက်ခိုက်လာပါတယ်။

နဂါးဖြူစစ်ကြောင်း တပ်ခွဲ ၂ တပ်စုမှူး ရဲဘော်ဖထီးက “တကယ်တမ်း စစ်မြေပြင် လက်တွေ့မှာ ကျနော်တို့က စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အသာစီးရယူထားနိုင်တယ်။ တဖက်ကပြန်ကြည့်ရင် စစ်ကောင်စီက လက်နက်ကြီးပစ်ကူ အရမ်းသုံးတယ်။ နောက်ပိုင်းဆိုရင် ဒရုန်းတွေ အရမ်းသုံးလာတယ်” လို့‌ ပြောပါတယ်။

မေ ၇ ရက်အထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀၀ နီးပါးသေဆုံးပြီး ၆၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းစစ်ကြောင်းဘက်က ၂၀ ကျော် ကျဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်း လုံလောက်အောင် ရမယ်ဆိုရင် အဆင်ပြေပြီး တော်လှန်ရေးအောင်မြင်ဖို့ ပိုမြန်လာမယ်လို့ တပ်ခွဲ ၁ တပ်ခွဲမှူး ဗိုလ်ဆံရှည်က ပြောပါတယ်။

“တိုက်ခိုက်ရေးမှာ လက်နက်ခဲယမ်းက အရမ်းအခက်အခဲရှိတယ်။ သူများက လက်နက်ကြီး ၁၀ လုံးလောက် ပစ်နိုင်တဲ့အင်အားရှိရင် ကျနော်တို့က တလုံးတည်းနဲ့ ထိရောက်တဲ့နေရာ သတ်မှတ်ချက်ကို မှန်အောင်ပစ်ရပါတယ်။ ကျနော်တို့မှာ အခက်အခဲရှိတယ်။ အထူးသဖြင့် လက်နက်ခဲယမ်း လုံလောက်အောင်ရမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်။ ပိုပြီးတော့လည်း မြန်မယ်။”

လက်ရှိမှာလည်း စစ်ကောင်စီက မြဝတီမြို့ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေပြီး အင်အားတွေ နေ့တိုင်းလိုလို ဖြည့်တင်းနေပါတယ်။

နဂါးဖြူစစ်ကြောင်း တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်ဆန်းဒေးက “စစ်ကောင်စီက အင်အားဘယ်လောက်သုံးသုံး ဘယ်လောက်ချချ သူတို့သွားရာလမ်းက တခုပဲရှိတယ်။ ရန်သူဘက်ကတော့ အမိန့်အရ ကြောက်စိတ်နဲ့ တိုက်ရတာများတယ်။ ကျတာလည်း များတယ်။ သူတို့က စစ်ကူတောင်းမယ်၊ ပြန်ဆုတ်မယ်၊ သူတို့အတွေးက အဲဒါပါပဲ။ မပြည့်စုံတဲ့ကြားထဲက တော်လှန်ရေးအောင်မြင်နေတာ” လို့ ပြောပါတယ်။

မေ ၁၂ ရက်မှာ စစ်ကောင်က ဒရုန်းနဲ့ အရပ်သားနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပေမဲ့ ဒေသခံတွေ စစ်ရှောင်နေတဲ့အတွက် ထိခိုက်သူတော့ မရှိခဲ့ပါဘူး။

ဒီဇင်ဘာ ၁ ရက်က စတင်တဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ၂၀ ကျော် ထိမှန် သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့တဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောင်ခန့်/မြတ်ကြီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024