Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ရိုဟင်ဂျာများ ရပ်တည်ရေး ခက်ခဲ
DVB
·
May 15, 2024
Rohingya-16-august-2023

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေ ဘဝရှင်သန်ရပ်တည်ရေး ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်သားသစ်အဖြစ် စုဆောင်း သင်တန်းပေးပြီး စစ်ပွဲတွေမှာ ထုတ်သုံးလာနေပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေထဲမှာလည်း ရိုဟင်ဂျာစစ်သားတွေ ပါလာသလို အခုရက်ပိုင်း လက်နက်ချ အလင်းဝင်လာတဲ့ အဖွဲ့တွေထဲမှာလည်း ပါလာတာကို တွေ့နေရပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲက စကစ ၁၅ ဌာနချုပ်ကို AA တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ငါးရန်းချောင်း၊ မီးကျောင်းခေါင်းဆွဲ၊ အင်းချောင်း စတဲ့ရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကတဆင့် အစည်းအဝေးခေါ်ပြီး တအိမ်တယောက် ရက္ခိုင့်တပ်တော် (AA) မှာ စစ်မှုထမ်းရမယ်ဆိုပြီး လူစာရင်း ကောက်ယူသွားပါတယ်။

ဘူးသီးတောင်ဒေသခံတဦးက “အခုက သင်တန်းပြီးတဲ့သူ ၁၁၀ လောက်တော့ ပြန်လွှတ်လိုက်ပြီ။ ကိုယ့်ဒေသကို ကာကွယ်ဖို့တဲ့၊ လက်နက်တွေတော့ မပေးသေးပါဘူး။ ပထမပိုင်းတုန်းက ဖမ်းထားတာတွေလည်း အများကြီးရှိပါတယ်။ လေးငါးလလောက်တွေတောင် ရှိနေပြီ။ ခြင်းသမားအုပ်စုက အုပ်ချုပ်ရေးမှူး ရော်နီ ဆိုရင် ဖမ်းခေါ်သွားတာ ၅ လလောက်ရှိနေပြီ၊ ဘယ်မှာမှန်းတောင် မသိဘူး။ အဲဒီအရင် အဖမ်းခံထားရသူတွေလည်း ရှိသေးတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက်ကလည်း မောင်တောမြို့အနီးက ရွှေရင်အေးကျေးရွာကို စစ်ကောင်စီဝတ်စုံတွေ ဝတ်ထားတဲ့ ရိုဟင်ဂျာလူငယ်တစုက မီးရှို့လိုက်တယ်ဆိုတဲ့ ဗီဒီယိုဖိုင်တခုကို ၁၃ ရက်က လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်ကျော်လောက်တုန်းက ရိုဟင်ဂျာရွာပေါင်း ၄၀၀ ကျော် မီးရှို့ခံခဲ့ရတုန်းက အခုလိုမျိုး လိုင်းပေါ်တက်လာခဲ့တာ မရှိခဲ့ပေမဲ့ အခုဟာကျတော့ တမင်လုပ်ပြပြီး လိုင်းပေါ်တင်နေတာက စစ်ကောင်စီက လူမျိုးရေးပဋိပက္ခ အကြီးကြီးတခု ဖန်တီးဖို့ လုပ်နေတာလို့ မောင်တောဒေသခံ ရိုဟင်ဂျာတယောက်က ပြောပါတယ်။

“၂၀၁၂ ကနေ မရေတွက်နိုင်အောင် အိမ်တွေမီးရှို့ခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီလို ဗီဒီယိုမျိုး တခါမှ ကျနော်တို့ မတွေ့ခဲ့ဖူးဘူး။ နောက်မှ စစ်တပ်ကလုပ်တယ် ဆိုတာမျိုးပဲ သိခဲ့ရတာ။ အခုအချိန်ကျမှ ဗီဒီယိုတွေ သူတို့ရိုက်ခိုင်းတယ်၊ ပြီးတော့ ပြောတဲ့စကားတွေကလည်း ဘာသာရေးအသွင်ဆောင်တဲ့ စကားလုံးတွေကို သူတို့သင်ပေးထားတဲ့အတိုင်း ပြောကြတယ်။ အစ္စလာမ်ဘာသာဝင်တွေက မီးရှို့နေတာပါ။ ကျနော်တို့အိမ်တွေကို မီးရှို့ခဲ့သလိုမျိုး ပြန်ပြီးရှို့နေတာပါ ဆိုပြီးတော့ သူတို့ပြောတယ်။ ပြီးတော့ အဲဒီဗီဒီယိုကို သူတို့ပဲဖြန့်တယ်။ တမင်ရည်ရွယ်ပြီးတော့ သူတို့ စစ်သင်တန်းပေးထားတဲ့သူတွေကို လုပ်ခိုင်းနေတာ။”

အဲဒီလိုကိစ္စတွေ ဖြစ်နေစဉ်မှာပဲ မောင်တောမြို့ပေါ်က ၂၀၁၂ ခုနှစ်ကတည်းက ဝတ်ပြုခွင့် ပိတ်သိမ်းခံထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့  မြို့မဗလီကြီးကိုလည်း စစ်ကောင်စီက မတ် ၁၄ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

နောက် ရခိုင်ရွာတွေကို မီးရှို့တဲ့သူတွေက ရိုဟင်ဂျာလူငယ်တွေဆိုတာ မှန်ပေမဲ့ ဘယ်ကနေ ခေါ်ယူလာတဲ့သူတွေမှန်းတော့ မသိကြဘူးလို့ မောင်တောမြို့ပေါ်နေသူတယောက်က ပြောပါတယ်။

“ဒီဗလီကြီးက မောင်တောမှာ အကြီးဆုံးဗလီကြီးဖြစ်တယ်။ ဒီဗလီကို အရေးအခင်းတွေ ဖြစ်တော့ ၂၀၁၂ ခုနှစ်မှာ စကစက ပိတ်လိုက်တာ။ အခုလည်း ကျနော်တို့ ရိုဟင်ဂျာတွေကို အသုံးချဖို့အတွက် လုပ်နေတာ။ နောက် မီးရှို့တဲ့ ရိုဟင်ဂျာစစ်သားတွေက ကျနော်တို့ မောင်တောက မဟုတ်ဘူး၊ ဘူးသီးတောင်ဘက်ကလည်း မဟုတ်ဘူး။ သူတို့ကို ဘယ်သူမှလည်း မသိကြဘူး။ ဒါပေမဲ့ သူတို့ပြောနေကြတာတော့ ရိုဟင်ဂျာစကားပဲ၊ ဘယ်ကနေခေါ်လာတဲ့သူတွေလည်းတော့ မသိဘူး။”

အခုလိုအခြေအနေတွေနဲ့ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို DVB က ဆက်သွယ်မေးမြန်းထားပေမဲ့ အခုထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေ ၈ ရက်ကလည်း ကကျဘတ်ကံပြင်၊ မြောင်းနားကမ်း၊ အလယ်ချောင်း၊ ဘဂုံးနား၊ လက်သာ၊ ကကျဘတ် စတဲ့ကျေးရွာတွေက ရိုဟင်ဂျာ ၇,၀၀၀ ကျော်ကို စစ်ဖြစ်လာဖို့ ရှိတာကြောင့် ဘူးသီးတောင် တောင်ဘက် AA ထိန်းချုပ် နယ်မြေတွေကို ရွှေ့ပြောင်းခိုင်းလိုက်ပါတယ်။

ဒါပေမဲ့ အဲဒီလို ရွှေ့ပြောင်းခိုင်းပေမဲ့ ရိက္ခာနဲ့ အဝတ်အထည်တွေ သယ်ခွင့်မပေးခဲ့ပါဘူး။ အဲဒီဒေသတွေမှာလည်း AA က ရိုဟင်ဂျာရွာတချို့က အိမ်တချို့ကို မီးရှို့ခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေက အရင်ကတည်းက AA တပ်မှာ စစ်သားအဖြစ် ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တာတွေ ရှိပေမဲ့ နေရာမပေးတာ၊ လူမျိုးရေး ခွဲခြားတာတွေကြောင့် နောက်ပိုင်းမှာ ထပ်မံဝင်ရောက်တာ မရှိကြတော့ပါဘူး။

အဲဒီအချိန်မှာ စစ်ကောင်စီက မက်လုံးတွေပေးပြီး စစ်တပ်ထဲဝင်ခိုင်းတာကြောင့် မောင်တောမြို့နယ်ထဲက ရိုဟင်ဂျာ ၃,၅၀၀ ကနေ ၄,၀၀၀ ကျော်အထိ စစ်ကောင်စီတပ်မှာ စစ်သားသစ်အဖြစ် ဝင်သူတွေ များလာကြတယ်လို့ ဒေသခံတွေရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013