အညာဒေသမှာ စစ်အောင်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေကို စုစည်းပေးနိုင်တဲ့ ခေါင်းဆောင်နဲ့ လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်လို့ မြေပြင်မှာ ဦးဆောင်နေသူတွေက ပြောပါတယ်။
စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ များပြားပေမဲ့ ခေါင်းစဉ်အသီးသီးအောက်မှာ အမျိုးမျိုး ကွဲပြားနေတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာလည်း နီးစပ်ရာအစုအဖွဲ့တွေကို မဟာမိတ်ပြုကာ အလျဉ်းသင့်သလို လုပ်ဆောင်နေကြတာပါ။
စစ်အောင်နိုင်ဖို့ဆိုရင် ကွဲပြားနေတဲ့အင်အားစုတွေကို စုစည်းပေးနိုင်တဲ့ ခေါင်းဆောင်လိုအပ်နေပြီး လက်နက်ခဲယမ်းကိုလည်း အထိုက်အလျောက် တပ်ဆင်ပေးနိုင်မှ ဖြစ်မယ်လို့ မြေပြင်မှာ တိုက်ပွဲဝင်နေသူတွေက ဆိုပါတယ်။
ပခုက္ကူမြို့နယ် ပကဖအဖွဲ့ဝင်တဦးက “တပ်ရင်းတပ်ဖွဲ့တွေကော ပကဖတွေကော Local PDF တွေကော စုစည်းပေးနိုင်တဲ့ စစ်ခေါင်းဆောင်တယောက် အရေးတကြီး လိုတယ်။ အရည်ချင်းရှိတဲ့ စစ်ခေါင်းဆောင်ပေါ်လာရင် သူရဲ့ Command အောက်မှာ အကုန်လုံးသွားကြမှာ။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က စစ်နိုင်ချင်တယ်။ PDF က ၁၀၀ ရာခိုင်နှုန်းရှိရင် လက်နက်ကိုင်ဆောင်တဲ့ ရာခိုင်နှုန်းက ငါးရာခိုင်နှုန်း မရှိသေးဘူး။ နောက် လက်နက်တပ်ဆင်ပေးလိုက်ရင် အညာမှာစစ်အောင်နိုင်မှာ သေချာပေါက်ကို အာမခံတယ်”လို့ ပြောပါတယ်။
အညာဒေသက Local PDF တွေဟာ လက်ရှိအချိန်ထိ လက်လုပ်မိုင်း၊ လက်လုပ်လက်နက်ကြီး၊ လက်လုပ် ဗုံးသီးနဲ့ ကျည်တွေကိုသာ အဓိထားနေရဆဲပါ။
ဒါ့ကြောင့် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ဖို့ဆိုရင် ခဲယမ်းဟာ အဓိကလိုအပ်ချက်ဖြစ်တယ်လို့လည်း မြောင်မြို့နယ်က ကျေးရွာတပ်ပေါင်းစုကို ဦးဆောင်နေသူက ပြောပါတယ်။
မြောင်မြို့နယ် ကျေးရွာ တပ်ပေါင်းစု ခေါင်းဆောင်တဦးက “မြောင်မြို့နယ်မှာက မြို့ပေါ်ရယ်။ ကျောက်ရစ်ရယ်ဆိုပြီး အထိုင်စခန်းနှစ်ခုပဲ ရှိတော့တယ်။ ကျန်တဲ့မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို ကျနော်တို့က ထိန်းထားနိုင်တယ်လို့ ဆိုပါတော့ အဓိကက ကျည်ရယ် ခဲယမ်းရယ် လိုအပ်တာပေါ့”လို့ ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်တွေကို အနိုင်ယူပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။
မတူကွဲပြားမှုတွေ စုံလင်ပြီး ခုခံတွန်းလှန်စစ်ပွဲတွေ အားကောင်းနေတဲ့ အညာဒေသမှာတော့ လက်နက်နဲ့ ခဲယမ်းတွေ မပြည့်မစုံနဲ့အတော်ကို ခက်ခဲတဲ့ အနေအထားမှာ ရှိနေဆဲပါ။
အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီ စစ်ကြောင်းတွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တာမျိုး မရှိသေးသလို မိုင်းထောင်ပြီး ရှောင်ပြေးရတဲ့ အနေအထားမျိုးမှာပဲ ရှိနေပါတယ်။
ဒါ့အပြင် စစ်ကြောင်းနဲ့ တွေ့လို့ ကင်းပုန်းနဲ့ မိလို့ ဖမ်းဆီးသတ်ဖြတ်ဖျက်ခံရတာတွေလည်း ရှိပါတယ်။
ခွန်ဇော်ဦး