မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စက်သုံးဆီဆိုင်ပိုင်ရှင် ၂ ဦးကို မေ ၁၄ ရက်က သေနတ်သမားတွေ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်၊ ယွန်ဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာမှာ မေ ၁၄ ရက် နေ့လယ် ၁ နာရီလောက်က ကောင်းမြတ်ပြည့်စုံ စက်သုံးဆီဆိုင်ပိုင်ရှင် ကိုနိုင်ကို သူ့ရဲ့ စက်သုံးဆီဆိုင်မှာ သေနတ်သမား ၂ ယောက်က လာရောက်ပစ်ခတ်ခဲ့တဲ့အချိန် စံပြစက်သုံးဆီဆိုင်ပိုင်ရှင် ကိုအောင်ထွေးက သေနတ်သမားတွေလက်က သေနတ်ဝင်လုခဲ့တာကြောင့် ၂ ယောက်လုံး ပစ်ခတ်ခံခဲ့ရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ကောင်းမြတ်ပြည့်စုံ စက်သုံးဆီဆိုင်ပိုင်ရှင် ကိုနိုင်က နေရာမှာပဲ သေဆုံးခဲ့ပြီး စံပြစက်သုံးဆီဆိုင်ပိုင်ရှင် ကိုအောင်ထွေးကတော့ ဆေးရုံပို့ဆောင်စဉ် သေဆုံးခဲ့ပါတယ်။
တောင်စွန်းဒေသခံတဦးက “သူတို့နှစ်ယောက်က ဆိုင်ထဲမှာ ထိုင်စကားပြောနေတဲ့အချိန် သေနတ်သမားတွေက ကိုနိုင်ကို လာပစ်တာ။ ကိုအောင်ထွေးက သေနတ်ဝင်လုတော့ သူပါ ပစ်ခံထိပြီး သေသွားတာ။ ဘယ်သူပစ်သွားလဲတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တဲ့ ကိုနိုင်နဲ့အတူ ဒဏ်ရာရရှိခဲ့တဲ့ ကိုအောင်ထွေးကို လူမှုကူညီရေးအသင်းတခုက ဘီးလင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမဲ့ လမ်းမှာပဲ သေဆုံးခဲ့ပါတယ်။
ကောင်းမြတ်ပြည့်စုံ စက်သုံးဆီဆိုင်ပိုင်ရှင် ကိုနိုင်နဲ့ စံပြစက်သုံးဆီဆိုင်ပိုင်ရှင် ကိုအောင်ထွေးတို့ကို ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်က ဘာကြောင့် ပစ်ခတ်ခဲ့တာလဲဆိုတာ မသိရသေးသလို ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကလည်း ဘီးလင်းမြို့နယ် ရက္ကန်းသည်မကျေးရွာမှာ မြို့နယ်အကျဉ်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ကြားရှိ မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို လာပြုပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လမ်းပြုပြင်တာ ရပ်ဆိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးမှာ မေ ၁၁ ရက်က မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို မေ ၁၃ ရက် မနက်မှာ ရွှေသံလွင်ကုမ္ပဏီဝန်ထမ်းတွေက လာရောက်ပြုပြင်တဲ့အချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဘီးလင်းမြို့ခံတဦးက “လမ်းပြုပြင်တဲ့အဖွဲ့ တံတားဘေးမှာ လမ်းလွှဲလုပ်ဖို့ မြေလာဖို့တဲ့အချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာပါ။ ထိခိုက်မှုကတော့ မရှိပေမဲ့ လမ်းလုပ်သားတွေကတော့ ကြောက်ပြီး ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
လမ်းပြုပြင်ရေးအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အပြင် ကျေးရွာချင်းဆက်လမ်းမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲတွေရှိနေတဲ့အတွက် လမ်းပြုပြင်ရေးအဖွဲ့က ကျုံအိတ်တံတား ပြုပြင်တာကို ယာယီရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံအိတ်တံတား လမ်းပြုပြင်တဲ့အဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မကြာမီမှာ ထုတ်ပြန်ပေးသွားမယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) တာဝန်ခံက ပြောပါတယ်။
ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးမှာရှိတဲ့ ကျုံအိတ်တံတားကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တဲ့အနေနဲ့ မေ ၁၁ ရက်မှာ မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။
ကျုံအိတ်တံတား မိုင်းခွဲခံရတာကြောင့် အရင်တခေါက်က မိုင်းခွဲခံရတာမှာ ကျန်ခဲ့တဲ့ အုတ်တံတားတခြမ်းရော ပျက်စီးနေတဲ့နေရာမှာ အသစ်ထိုးထားတဲ့ သံဘေလီတံတားပါ လုံးဝပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။