Home
မြန်မာသတင်း
စစ်အုပ်စုနှင့်ပူးပေါင်းသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၇ ခုကို NUG အမည်ပျက် စာရင်းသွင်း
DVB
·
May 15, 2024
Overseas-Employment-Agency

အကြမ်းဖက်စစ်ကောင်စီနဲ့ တက်ကြွစွာ ပူးပေါင်းလက်တွဲဆောင်ရွက်နေပြီး ကျင့်ဝတ်ဖောက်ဖျက်တဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်း ၁၇ ခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်း ကြေညာလိုက်ပါတယ်။

အဆိုပါ အေဂျင်စီတွေထဲမှာတော့ တိုးတက်ချမ်းသာ၊ ထက်ဦး စတဲ့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်နေပြီး လုပ်ငန်းရှင်တွေနဲ့ နာမည်နဲ့တကွ ဖော်ပြထားတာကို တွေ့ရပါတယ်။

မေ ၁၄ ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်မှာတော့ အဲဒီအေဂျင်စီတွေဟာ အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် ကူညီပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးအားမြှောက်ပြုတဲ့အနေနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးနေတာ၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက ဝင်ငွေခွန်ကောက်ခံတာ၊ လုပ်အားခရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီလွှဲငွေအဖြစ် လွှဲပြောင်းပေးဖို့ အကြောင်းပြပြီး အလုပ်သမားတွေရဲ့ ချွေးနှဲစာကို စစ်ကောင်စီဆီ သွေးစွန်းငွေအဖြစ် လွှဲပြောင်းပေးအပ်ဖို့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေတာ၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူတာ၊ မိမိဆောင်ရွက်ပေးရမယ့် ဝန်ဆောင်မှုကို ပြီးမြောက်အောင် မလုပ်ဆောင်တာ (ဥပမာ-လုပ်ငန်းခွင်ကို ရောက်အောင်မပို့ဆောင်တာ)၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အချိန်နဲ့တပြေးညီ လိုက်ပါဖြေရှင်း ဆောင်ရွက်ပေးမှု မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့်မို့ အဲဒီ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီတွေကို အမည်ပျက်စာရင်း သတ်မှတ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုတဲ့ ပြည်သူတွေအနေနဲ့လည်း ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်မှုမရှိတဲ့ အဆိုပါ အမည်ပျက်စာရင်း သတ်မှတ်ထားတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီတွေနဲ့ လုံးဝဆက်သွယ်ဆောင်ရွက်ခြင်း မပြုကြဖို့လည်း သတိပေးထားပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီတွေကို စစ်ကောင်စီဆီ လိုင်စင်သက်တမ်း မတိုးကြဖို့ NUG အစိုးရက အဆက်မပြတ် အသိပေး ထုတ်ပြန်ထားပေမဲ့လည်း လက်ရှိ အခြေအနေမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်တွင်းလုပ်ငန်းတွေကတော့ အခြေအနေအရ ဆက်လက် လည်ပတ်နေကြရတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်း ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီအသစ်တွေ ရာနဲ့ချီ တိုးမြင့်လာတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်ပကို သွားရောက်လိုသူတွေသာ အဆမတန်များနေပြီး တဖက်နိုင်ငံတွေက လုပ်သားခေါ်ယူမှုက နည်းနေသေးတယ်လို့ လက်ရှိ အေဂျင်စီလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ဒါ့အပြင် အခု မေလ ၁ ရက်မှာပဲ စစ်ကောင်စီက အမျိုးသားတွေကို ပြည်ပထွက်ခွာခွင့် ယာယီပိတ်လိုက်ပြီး ဘယ်တော့မှ ပြန်လည်ခွင့်ပြုမယ်ဆိုတာ မသိရသေးပါဘူး။

စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်ကိစ္စတွေ ပိုမိုအချိန်ယူ စိစစ်နိုင်ဖို့နဲ့ တခြား အခြေအနေတွေအရ ယာယီပိတ်တာဖြစ်တယ်လို့ အတည်ပြု သတင်းထုတ်ပြန်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့ အလုပ်သမားတွေကြားမှာ ရိုက်ခတ်မှုတွေလည်း ရှိနေပါတယ်။

အဲဒီလို အမျိုးသားလုပ်သားတွေကို ပြည်ပထွက်ခွင့် ပိတ်လိုက်တာကြောင့် သက်ဆိုင်ရာ အလုပ်ခေါ်မယ့်နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံသား အလုပ်သမားတွေကို အစားထိုး ခေါ်ယူတာမျိုးတွေ ဖြစ်လာနိုင်ပြီး ဈေးကွက်ဆုံးရှုံးနိုင်တယ်လို့ အေဂျင်စီလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013