Home
မြန်မာသတင်း
ကျောက်တော် ဝဲကြီးထောင့်ဆေးရုံကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူအချို့ ထိခိုက်သေဆုံး
DVB
·
May 15, 2024
WalGyiDauntHospital_15052024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝဲကြီးထောင့်ဆေးရုံကို မေ ၁၄ ရက် ည ၁၂ နာရီမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတချို့ သေဆုံးကာ ဆေးရုံဝန်ထမ်းနဲ့ လူနာ၊ လူနာစောင့် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတခုလုံး ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဆေးရုံဝန်ထမ်းနဲ့ အရပ်သား ၂၀ ထဲမှာလည်း ဒဏ်ရာပြင်းထန်တဲ့လူနာ ၅ ဦးအထိရှိတယ်လို့ AA က ဆိုပါတယ်။ သေဆုံးသူအရေအတွက် အတိအကျကိုတော့ မသိရသေးဘဲ DVB က စုံစမ်းမေးမြန်းနေဆဲဖြစ်ပြီး ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ပွဲတိုင်း ရှုံးနိမ့်ပြီး အရှက်ရ ဒေါသထွက်နေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ လူမျိုးရေး အမုန်းတရားတွေကို အခြေခံပြီး တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးတွေကို ဦးတည်ပစ်ခတ် တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီက အခုလို စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေနဲ့ အရင်က ကျူးလွန်ထားခဲ့တဲ့ မှတ်တမ်းတွေကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ်အတွင်းမှာ မေ ၁၄ ရက်က ဝဲကြီးထောင့်ဆေးရုံတခုတည်း မဟုတ်ဘဲ လမ္မတော်ရွာ စာသင်ကျောင်းကိုလည်း ဗုံးကြဲခဲ့တယ်လို့ ကျောက်တော်မြို့ခံတွေက ပြောပါတယ်။

ကျောက်တော်မြို့ခံတဦးက “မနေ့က ည ၁၂ နာရီလောက်မှာ ဝဲကြီးထောင့်ဆေးရုံနဲ့ လမ္မတော်ရွာ စာသင်ကျောင်းကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့တယ်။ အခုလို အရပ်ဘက်နဲ့ဆိုင်တဲ့ ဆေးရုံတို့၊ စစ်ရှောင်တွေနေကြတဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်သလို သူရဲဘောကြောင်တဲ့ လုပ်ရပ်လည်း ဖြစ်တယ်” လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေက ဆေးရုံတွေ၊ ဈေးတွေနဲ့ အရပ်သား နေအိမ်တွေကို စစ်ကောင်စီက နေ့စဥ်ရက်ဆက် တိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာနေပါတယ်။

မေ ၁၄ ရက်ကလည်း မောင်တောမြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၄ ဦးအထိ သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013