Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ရက္ခိုင့်တပ်တော် AA က ထိန်းချုပ်နိုင်တော့မလား 
DVB
·
May 15, 2024
AA-3-452024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာရှိတဲ့ တပ်ရင်းတွေနဲ့ တပ်စခန်းအများအပြားကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားတာဖြစ်ပြီး လက်ကျန်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

စကခ ၁၅ ကျသွားပြီဖြစ်တာကြောင့် ကွပ်ကဲမှု ပြိုကွဲသွားပြီဖြစ်တဲ့ စစ်ကောင်စီအနေနဲ့ မကြာခင်မှာပဲ ဒီမြို့တွေကို လက်လွှတ်ရတော့မယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားကြတာပါ။

အထက်ပိုင်းမှာရှိတဲ့ ချင်းပြည်နယ်၊ ပလက်ဝကိုလည်း ရက္ခိုင့်တပ်တော်ဘက်က သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် တကယ်လို့ ဘူးသီးတောင်နဲ့ မောင်တော ကျသွားပြီဆိုရင်တော့ AA အနေနဲ့ မိုင်ပေါင်း ၁၇၀ ဝန်းကျင် ရှည်လျားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်လုံးကို ထိန်းချုပ်နိုင်သွားမှာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်အနေနဲ့  ဒီနယ်စပ်တလျှောက် ထိန်းချုပ်နိုင်သွားရင် ပထမဆုံးအနေနဲ့တော့ ကုန်စည်စီးဆင်းမှုလမ်းကြောင်း ပြည့်ပြည့်ဝဝ ပွင့်သွားနိုင်တဲ့အတွက် ရက္ခိုင့်တပ်တော်အတွက်ရော၊ ရခိုင်ပြည်သူတွေအတွက်ပါ အကျိုးများစေနိုင်မယ်လို့  ရခိုင်နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တော မြို့တွေကို AA က ရပြီဆိုရင်တော့ ရခိုင်ပြည်သူတွေရဲ့ အခက်အခဲကို အထိုက်အလျောက် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဝါရင့်ရခိုင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။

“အဲဒီနှစ်မြို့နယ်သာ ULA/AA ဘက်က ထိန်းချုပ်ထားလိုက်နိုင်တယ်၊ စစ်ကောင်စီတပ်တွေသာ မရှိတော့ဘူးဆိုရင်တော့ ကုန်သွယ်ရေးက လုံးဝပွင့်သွားလိမ့်မယ်။ အဲဒီအခါမှာ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်၊ အိန္ဒိယနဲ့ ရခိုင် တောက်လျှောက် ကုန်စည်စီးဆင်းမှုတွေက ဖြစ်လာနိုင်တယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ဒီ စစ်ကောင်စီက ပြည်မဘက်က ကုန်စည်တွေကို ပိတ်ထားတဲ့အတွက်နဲ့ ပြည်သူတွေ စားဝတ်နေရေး ဆေးကအစ ဒုက္ခရောက်နေရတယ်။ ကုန်စျေးနှုန်းတွေ မြင့်တက်နေတယ်။ အဲဒီအခြေအနေမျိုးကို အထိုက်အလျောက် သက်သာသွားနိုင်တာပေါ့။”

နောက်တခုကတော့ စစ်ရေးအရ အားသာချက်ပါ။ လက်ရှိမှာတော့ ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်ထွက်ပေါက်ဖြစ်တဲ့ ပလက်ဝဒေသကို သိမ်းပြီးသားဖြစ်သလို အရှေ့ဘက်ကအခြမ်း ထွက်ပေါက်ဖြစ်တဲ့ အမ်းကို ထိုးစစ်ဆင်နေတဲ့ အခြေအနေကလည်း ထိရောက်မှုရှိနေပါတယ်။

နောက်ထပ် တောင်ဘက်ပိုင်းထွက်ပေါက်ဖြစ်တဲ့ သံတွဲဘက်မှာလည်း ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေ ရှိနေပါပြီ။ ဒါကြောင့် အနောက်ဘက်တံခါးကို အပြီးရလိုက်ပြီးရင်တော့ စစ်တွေကို မတိုက်ရင်တောင် ဝိုင်းပတ်ပိတ်ဆို့ထားပြီးသား ဖြစ်သွားမှာပါ။

ဒါကြောင့် ဘူးသီးတောင်နဲ့ မောင်တောဒေသကို ရတာဟာ စစ်ရေးအတွက်လည်း အများကြီး အားသာသွားစေမယ့်အချက်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်ပြောပါတယ်။

“နပ်စပ်တွေကို ရပြီဆိုရင်တော့ AA အနေနဲ့ အနောက်ဘက်မျက်နှာစာကို ရသွားပြီပေါ့။ စစ်တွေတောင်မှ လက်ရှိအနေအထား မောင်တောနဲ့ ဘူးသီးတောင် ရသွားပြီးရင် စစ်တွေတောင် မတိုက်ဘဲ ထားလို့ရသေးတယ်။ အမ်းကို ထိန်းချုပ်နိုင်ပြီဆိုရင် အရှေ့ရော၊ အနောက်ရော၊ မြောက်ဘက်ကဆိုရင် ပလက်ဝလမ်းကြောင်းလည်း ပေါက်နေပြီ။ နောက်တခု ရခိုင်တောင်ဘက်ကိုလည်း ထိန်းချုပ်ထားနိုင်တယ်ဆိုတော့ သူတို့ ရခိုင်တပြည်လုံးကိုတော့ သူတို့ ဘူးသီးတောင်နဲ့ မောင်တောနယ်စပ်ကိုသာ ရမယ်ဆိုရင် အရှေ့ အနောက် တောင် မြောက် အားလုံး ထွက်ပေါက်ရော၊ ဝင်ပေါက်တွေရော ဖွင့်နိုင်ပြီဖြစ်တဲ့အတွက် AA အတွက်ရော၊ ရခိုင်ပြည်သူတွေအတွက်ရော အကျိုးများသွားပြီလို့ ပြောလို့ရတာပေါ့။”

နောက်တခုကတော့ နိုင်ငံရေးအရ အားသာမှုဖြစ်ပါတယ်။ ဘူးသီးတောင် မောင်တော ကျသွားပြီဆိုရင် ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်က လွတ်မြောက်ဒေသတွေက တဆက်တည်း ဖြစ်သွားမှာပါ။

ဒါ့အပြင် ထိစပ်နေတဲ့နိုင်ငံတွေ အနေနဲ့လည်း အစိုးရ-အစိုးရချင်း မဟုတ်တောင် မဖြစ်မနေ ဆက်ဆံလာရမယ့် အခြေအနေ ဖြစ်လာလိမ့်မယ်လို့ ဦးဖေသန်းက ပြောပါတယ်။

အထူးသဖြင့် ပလက်ဝဒေသက စတဲ့ ကုလားတန်မြစ် စီမံကိန်းအရ အိန္ဒိယအနေနဲ့ ULA/AA နဲ့ ဆက်ဆံဆွေးနွေးလာရနိုင်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ဆိုရင် ကုန်သွယ်ရေးအရရော၊ ရိုဟင်ဂျာဒုက္ခသည် အရေးတွေကိုပါ ULA/AA နဲ့ ထိတွေ့ဆွေးနွေးလာရနိုင်တယ်လို့လည်း ဆိုပါတယ်။

“ULA/AA အတွက် သီးခြားလွတ်မြောက်နယ်မြေကို ထူထောင်ဖို့အတွက် တဆက်တစပ်တည်း ဖြစ်သွားတာပေါ့။ နိုင်ငံတကာနဲ့လည်း ဆက်ဆံလာရမယ့် အခြေအနေမျိုး ရှိတယ်။ အထူးသဖြင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေနဲ့ G to G မဟုတ်ရင်တောင်မှ တနည်းမဟုတ်တနည်း ဆက်သွယ်ပြီးတော့ ဖြေရှင်းလာရမယ့် ကိစ္စတွေရှိတယ်။ ဥပမာ အိန္ဒိယနဲ့ဆိုရင် ပလက်ဝကနေစတဲ့ စီမံကိန်းပေါ့နော်၊ ကုလားတန်ပရောဂျက် အဲဒီဟာနဲ့ပတ်သက်လို့ စီးပွားရေးအရ ကုန်သွယ်ရေးအရ ဆွေးနွေးလာရနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်ဆိုရင်တော့ ကုန်သွယ်ရေးအရရော၊ အဲဒီမှာရှိတဲ့ မွတ်စလင်ဒုက္ခသည် အရေးတွေပါ ULA/AA နဲ့ မဖြစ်မနေ ဆွေးနွေးလာရမယ့် ကဏ္ဍတွေရှိတယ်။ အဲဒါကြောင့် သူ့အနေနဲ့ နိုင်ငံတကာနဲ့ ဆက်စပ်ပြီးတော့ အလုပ်လုပ်နိုင်ဖို့ စတင်ပြီးတော့ အိမ်နီးချင်းနှစ်နိုင်ငံ ဆောင်ရွက်တဲ့ ဆောင်ရွက်မှုတွေ၊ အဲဒီကနေ အစပျိုးပြီးတော့ လုပ်ဆောင်လာနိုင်တဲ့ အခွင့်အရေးတွေလည်း ရသွားနိုင်တယ်လို့တော့ ကျနော်တို့ မှန်းစပါတယ်။”

တဖက်မှာလည်း စစ်ကောင်စီဘက်က ဘူးသီးတောင်နဲ့ မောင်တောဒေသ လက်မလွှတ်ရရေးအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင်နေတာပါ။

လတ်တလော အခြေအနေအရ စစ်ကောင်စီကနေ ရခိုင်ပြည်နယ်ကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့ထားတာကြောင့် ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်တောက်တာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် ရိုဟင်ဂျာတွေကို စစ်သားစုဆောင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေ ရှိသလို ရိုဟင်ဂျာ လက်နက်ကိုင်တွေနဲ့လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးရာမှာ ဘာသာရေးအစွန်းရောက် ပြောဆိုမှုတွေကို ထည့်သွင်းပြောဆို လှုံ့ဆော်တာတွေ ရှိနေတယ်လို့လည်း အမေရိကန် ငြိမ်းချမ်းရေးအဖွဲ့ USIP ရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။

ဒီအခြေအနေတွေကိုတော့ သတိထားပြီး ဆောင်ရွက်ရလိမ့်မယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

“အန်ကယ်တို့ စိုးရိမ်တာတခုတော့ရှိတယ်။ အဲဒါက စစ်ကောင်စီက ARSA လို့ပဲပြောမလား၊ ARSA အဖွဲ့အစည်းတချို့နဲ့ ချိတ်ပြီးတော့ အဲဒီမှာရှိနေတဲ့ ကမ့်ပ်တွေမှာရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေကို လက်နက်တပ်ဆင်ပေးတာတို့ ဘာတို့ ဒါတွေကလည်း ရှိနေတယ်။ အဲတော့ လက်နက်တပ်ဆင်ပြီးတော့ အချင်းချင်း ပြန်တိုက်ခိုက်ရမယ့် အခြေအနေက အဲဒါတချက်က တော်တော်လေး စိုးရိမ်ဖို့ကောင်းတယ်။”

ရက္ခိုင့်တပ်တော်အနေနဲ့ ဒေသအများစုကို စိုးမိုးထားနိုင်သလို စစ်မျက်နှာကို အများကြီး ဖွင့်ထားနိုင်တာဖြစ်ပြီး ဒါဟာ ရခိုင်တော်လှန်ရေးသမိုင်းမှာ အမြင့်ဆုံးအနေအထားလို့လည်း သုံးသပ်ကြပါတယ်။

ရက္ခိုင့်တပ်တော် (AA) က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲတို့နဲ့ ချင်းပြည်နယ် ပလက်ဝ စုစုပေါင်း ၉ မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲ စတဲ့မြို့နယ်တွေမှာလည်း အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။ ရခိုင်တပြည်လုံး လွတ်မြောက်သွားနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ထက်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024