တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့နယ်ထဲက စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့တဲ့ Non-CDM ဝန်ထမ်းအားလုံးကို တာဝန်ကရပ်ဆိုင်းလိုက်ပြီလို့ မေလ ၁၅ ရက်မှာ TNLA က ကြေညာပါတယ်။
ဒါအပြင် သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ ဘယ် Non-CDM ဝန်ထမ်းကိုမဆို တိုင်ကြားမှုအရဖြစ်စေ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေး အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Non-CDM တွေက စစ်ကောင်စီနဲ့သွားရောက် ကူညီတာမျိုးတွေရှိသလို အလုပ်တွေ လုပ်ပေးတာမျိုးလည်း ရှိနေပါသေးတယ်လို့ TNLA သတင်းပြန်ကြားရေးအရာရှိက DVB ကိုပြောပါတယ်။
ဒါကြောင့် အခုလိုထုတ်ပြန်ရတာဖြစ်ပြီး လက်ရှိမှာ အရေးမယူသေးဘဲ အချင်းချင်းသတိပေးတာ၊ သတိပေးစာပို့တာမျိုးတွေပဲရှိသေးတယ်လို့ဆိုပါတယ်။
ဘယ်လိုမျိုး အရေးယူမယ်ဆိုတာကို မပြောပေမဲ့ တချို့ဝန်ထမ်းတွေဟာ စစ်ကောင်စီအုပ်ချုပ်တဲ့ နယ်မြေတွေထဲ မိသားစုလိုက်ရွှေ့ပြောင်းသွားတာမျိုးတွေလည်းရှိခဲ့တယ်လို့ TNLA ဘက်ကပြောပါတယ်။
ဒါကြောင့် Non-CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီဆီကနေ လစာ/ငွေကြေးယူတာ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်တာနဲ့ အစီရင်ခံစာပေးပို့တာတွေ မလုပ်ဖို့နဲ့ တွေ့ရှိရင် အပြစ်ပေးအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာရေးထားပါတယ်။
TNLA တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။