Home
ဆောင်းပါး
သီရိလင်္ကာ သမ္မတသစ် လက်ဝဲဝါဒီ ခေါင်းဆောင် အနုရာကုမာရ ဒစ်ဆာနာယကေး
DVB
·
September 24, 2024
Photo-Reuters

စက်တင်ဘာ ၂၁ ရက်၊ စနေနေ့က ကျင်းပတဲ့ သီရိလင်္ကာ သမ္မတရွေးကောက်ပွဲမှာ လက်ဝဲဝါဒီ ခေါင်းဆောင်တဦး သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံလိုက်ရပါတယ်။

သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရသူက အသက် ၅၅ နှစ်အရွယ်၊ အနုရာကုမာရ ဒစ်ဆာနာယကေး ဖြစ်ပြီး လက်ဝဲပါတီ ဂျနထာဝိမုတ္တိပီရမုနာ (JVP) ပါတီခေါင်းဆောင် ဖြစ်ပါတယ်။ သူက စုစုပေါင်း မဲအရေအတွက် ၄၂ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အများဆုံးရပြီး အနိုင်ရခဲ့တာပါ။

ဂျနထာဝိမုတ္တိပီရမုနာပါတီကို အင်္ဂလိပ်လို (People's Liberation Front) လို့ ခေါ်တွင်ပြီး “ပြည်သူ့လွတ်မြောက်ရေးတပ်ဦး” လို့ အဓိပ္ပာယ်ရပါတယ်။ လက်ဝဲကွန်မြူနစ်ပါတီတခုဖြစ်ပြီး အရင်က လက်နက်ကိုင်တော်လှန်ရေး နှစ်ကြိမ် ဆင်နွှဲခဲ့ဖူးတယ်။

အခုရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ရာနီလ်ဝစ်ကရီမီဆင်ဂီက ထောက်ခံမဲ ၁၇ ရာခိုင်နှုန်းသာ ရရှိပြီး တတိယနေရာနဲ့ ရှုံးနိမ့်သွားခဲ့တယ်။ အတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာ ကတော့ မဲအရေအတွက် ၃၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ မတိမ်းမယိမ်း မဲအရေအတွက်ရရှိပြီး ဒုတိယ ရရှိခဲ့တယ်။

အခုထွက်ပေါ်လာတဲ့ မဲရလဒ်ဟာ စီးပွားရေးအကျပ်အတည်းကြောင့် သီရိလင်္ကာအစိုးရအပေါ် စိတ်ပျက်နေကြတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်ပြလိုက်တာပဲဖြစ်တယ်။ အနိုင်ရသွားတဲ့ သမ္မတလောင်း ကုမာရ အနုရာဟာ ၂၀၁၉ သမ္မတရွေးကောက်ပွဲတုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး အဲဒီတုန်းက မဲအရေအတွက် ၃ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်။

လက်ဝဲပါတီခေါင်းဆောင်တဦးကို သီရိလင်္ကာပြည်သူတွေက ထောက်ခံမဲအများဆုံး ပေးလိုက်ခြင်းဟာ လက်ရှိသမ္မတ ဝစ်ကရီမီဆင်ဂီ ဦးဆောင်တဲ့ အစိုးရကို ဒဏ်ခတ်လိုက်တာပဲ ဖြစ်တယ်။

ဝစ်ကရီမီဆင်ဂီဟာ ၂၀၂၂ ခုနှစ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးအကျပ်အတည်းကြောင့် လူထုအုံကြွဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ပြီး နိုင်ငံက ထွက်ပြေးသွားခဲ့ရတဲ့ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာနေရာကို ဆက်ခံခဲ့သူဖြစ်တယ်။

၂၀၂၂ ခုနှစ်က သီရိလင်္ကာမှာ စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ ဆေးဝါးပြတ်တောက်တဲ့အထိ စီးပွားရေးအကျပ်အတည်း ရင်ဆိုင်ခဲ့ရပြီး မကျေနပ်တဲ့ လူထုရဲ့ ဆန္ဒပြပွဲနဲ့အတူ သမ္မတနန်းတော်ကို ဝင်စီးခဲ့ရာက သမ္မတ ဂိုတာဘာရာဟာ စင်ကာပူနိုင်ငံကို တိမ်းရှောင်ထွက်ပြေးခဲ့ရတယ်။ သူ့နေရာကို ဆက်ခံခဲ့တဲ့ ဝစ်ကရီမီဆင်ဂီဟာ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကူအညီနဲ့ စီးပွားရေးကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်ခဲ့ပေမဲ့ ခုတကြိမ် ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ မရရှိဘဲ ရှုံးနိမ့်သွားတာ ဖြစ်တယ်။

အနိုင်ရ လက်ဝဲပါတီခေါင်းဆောင် ကုမာရ အနုရာဒစ်ဆာနာယကေးက ဒီအောင်ပွဲဟာ နှစ်ပေါင်းများစွာ ပြည်သူတွေရဲ့ သွေး၊ ချွေး၊ အသက်နဲ့ ရင်းနှီးခဲ့ရတာဖြစ်ပြီး အားလုံးနဲ့ သက်ဆိုင်တဲ့ အောင်ပွဲလို့ ပြောကြားသွားခဲ့တယ်။

တနင်္လာနေ့မှာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ (JVP) ပါတီခေါင်းဆောင် ကုမာရ အနုရာ ဒစ်ဆာနာယကေးက သီရိလင်္ကာနိုင်ငံရဲ့ သမိုင်းသစ်ကို ရေးထိုးသွားမှာဖြစ်ပြီး အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်သွားမှာဖြစ်သလို အိန္ဒိယနဲ့ တရုတ်အကြား နှစ်နိုင်ငံစလုံးနဲ့ အဆင်ပြေပြေ ဆက်ဆံသွားမယ်လို့ ဆိုတယ်။

အသက် ၅၅  နှစ်သာ ရှိသေးတဲ့ သမ္မတ ဒစ်ဆာနာယကေးကို ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှာ မွေးဖွားခဲ့ပြီး ဖခင်က အလုပ်ကြမ်းသမားတဦး ဖြစ်တယ်။ ရူပဗေဒ အဓိကနဲ့ ကျောင်းပြီးခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘဝကတည်းက လက်ဝဲနိုင်ငံရေးထဲ ဝင်ပါခဲ့တယ်။ အဲဒီကာလဟာ ၁၉၈၇ ဖြစ်ပြီး သီရိလင်္ကာအစိုးရက တမီလ်ပြောက်ကျားတွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီး အဆုံးသတ်ရေးအတွက် အင်ဒို-သီရိလင်္ကာစာချုပ် ချုပ်ဆိုတဲ့အချိန်လည်း ဖြစ်တယ်။ ဒီစာချုပ်အရ လူနည်းစု တမီလ်တွေအတွက် နိုင်ငံရေးအာဏာ ခွဲဝေပေးမယ့် သဘောတူချက်နဲ့ အိန္ဒိယက ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် စေလွှတ်မယ့်အချက်တွေ ပါဝင်ခဲ့တယ်။

ဒါပေမဲ့ လက်တွေ့မှာ အကောင်အထည်ပေါ်မလာတဲ့အတွက် လက်ဝဲနိုင်ငံရေးပါတီ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (JVP) ရဲ့ ဦးဆောင်မှုနဲ့ လက်နက်ကိုင်တော်လှန်ရေးကြီး ဖြစ်ပေါ်ခဲ့တယ်။ ဒီတော်လှန်ရေးဟာ ၂ နှစ်ကျော် ကြာခဲ့ပြီး တော်လှန်ရေးကာလအတွင်း JVP ပါတီရဲ့ လှုပ်ရှားတက်ကြွသူ ခေါင်းဆောင်တွေ အပါအဝင် လူပေါင်း ၆၀,၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ဆိုတယ်။

ဒစ်ဆာနာယကေးဟာ လက်ဝဲ VJP ပါတီဝင်အဖြစ်ကနေ တဖြည်းဖြည်း ခေါင်းဆောင်နေရာကို ရောက်ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပါတီခေါင်းဆောင် ဖြစ်လာခဲ့တယ်။ ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက် လက်နက်ကိုင်တော်လှန်ရေးကို နောင် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ထုတ်ဖော်ကြေညာခဲ့တယ်။

ကိုလံဘိုမြို့မှာရှိတဲ့ VJP ပါတီရုံးခန်းထဲမှာ ကားလ်မတ်စ်၊ လီနင်၊ ဖရက်ဒရစ် အိန်ဂျယ်၊ ဖီဒယ် ကက်စ်ထရိုတို့ရဲ့ ရုပ်ပုံကားချပ်ကြီးတွေကို မြင်တွေ့ရမှာဖြစ်သလို ရုံးခန်းအပြင်ဘက်မှာလည်း တူ-တံစဉ် အနီရောင်အလံကြီး လွှင့်ထူထားတာ တွေ့မြင်ကြရတယ်။ ဒါဟာ သီရိလင်္ကာသမ္မတသစ် အနုရာ ကုမာရ ဒစ်ဆာနာယကေး ဦးဆောင်တဲ့ VJP ပါတီရဲ့ လက်ဝဲဝါဒီ သက်သေပုံရိပ်တွေပဲ ဖြစ်ပါတယ်။

ဒစ်ဆာနာယကေးဟာ သီရိလင်္ကာလွှတ်တော်ရွေးကောက်ပွဲမှာ VJP ပါတီ အမတ်တဦးအဖြစ် အမျိုးသားပြည်သူ့အာဏာ မဟာမိတ်အဖွဲ့ (National People's Power alliance) နဲ့အတူ ပူးပေါင်းပြီး ရွေးချယ်ခံထားရသူ ဖြစ်တယ်။ လွှတ်တော်ထဲမှာ VJP ပါတီက ရွေးချယ်ခံထားရသူ ကိုယ်စားလှယ် သုံးဦးသာရှိပေမဲ့ ဒစ်ဆာနာယကေးက အကျင့်ပျက်ခြစားမှုတွေကို အပြင်းထန်ဆုံး တိုက်ဖျက်ပြီး ဆင်းရဲသား ပြည်သူတွေကို အထောက်အကူပြုမယ့် မူဝါဒတွေ ချမှတ်မယ်လို့ ကတိပြုခဲ့တယ်။

“လွတ်လပ်ရေးရပြီးနောက်ပိုင်း သီရိလင်္ကာသမိုင်းမှာ ပထမဆုံးအနေနဲ့ အကျင့်ပျက်ခြစားတဲ့ အထက်တန်းလွှာလူတစု ကြီးစိုးထားတဲ့ အစိုးရအဖြစ်ကနေ ပြည်သူ့အစိုးရအဖြစ်ကို ပြောင်းလဲပစ်ရမယ်” လို့ သူက ပါတီရဲ့ ရွေးကောက်ပွဲမဲဆွယ်စာတမ်းမှာ ထည့်သွင်းရေးသား ဖော်ပြခဲ့တယ်။

CWM

Ref: Sri Lanka's new leftist president vows to 'rewrite' country's history. CNA.

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024