ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာသာ အရေးနိမ့်ခဲ့ရင် ၂၀၂၈ မှာ ထပ်ပြိုင်မှာ မဟုတ်တော့ဘူးလို့ ပြောလိုက်ပါတယ်။
အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ထရမ့်ပ်ဟာ သမ္မတရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု သမ္မလောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့သူဖြစ်ပြီး ၈ နှစ်တာအတွင်း ပါတီရဲ့မူဝါဒကို ပြန်လည်ပုံသွင်းရမှာ အဓိကကျခဲ့သူလည်း ဖြစ်ပါတယ်။
ဆင်ကလဲယားမီဒီယာနဲ့ အင်တာဗျူးတခုမှာ အကယ်၍ ဒီမိုကရက်သမ္မတလောင်း ကမ်မလာ ဟားရစ်ကိုသာ ရှုံးခဲ့ရင် နောက်တကြိမ် ထပ်ပြိုင်ဦးမှာလားလို့ မေးခွန်းထုတ်ခံခဲ့ရပါတယ်။
အဲဒီမှာ ထရမ့်ပ်က “နိုးပါ၊ ထပ်မပြိုင်တော့ပါဘူး။ အဲဒီလိုပဲထင်ပါတယ်။ … ဒီလိုပဲဖြစ်မှာပါ။ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။
ဒါပေမဲ့ “ကျုပ်တို့ အကြီးအကျယ် အောင်ပွဲခံနိုင်မယ်လို့ မျှော်လင့်ကြောင်း” လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
အမေရိကန်ဥပဒေအရ သမ္မတတယောက်ဟာ ဆက်တိုက်ဖြစ်စေ၊ သီးခြားစီဖြစ်စေ သက်တမ်း ၂ ကြိမ်ထက်ပိုပြီး ထမ်းဆောင်ခွင့်မရှိတာကြောင့် ထရမ့်ပ်ဟာ အခုရွေးကောက်ပွဲနိုင်လည်း ၂၀၂၈ မှာ ထပ်ပြိုင်လို့ရမှာ မဟုတ်ပါဘူး။
အရင်တုန်းကတော့ ထရမ့်ပ်ဟာ ရှုံးနိုင်ခြေအကြောင်း ဝန်ခံလေ့မရှိပေမဲ့ အခုတော့ ၄ ရက်အတွင်း ရှုံးရင်ဆိုတဲ့ကိစ္စကို ၂ ကြိမ်မြောက် ထုတ်ပြောတာလည်း ဖြစ်ပါတယ်။
အစ္စရေး-အမေရိကန်ကောင်စီက လုပ်တဲ့ပွဲမှာ အကယ်၍ သူသာရှုံးရင် ဂျူးမဲဆန္ဒရှင်တွေကြောင့် ဖြစ်မယ်လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
အေမရိကန်ဂျူး ၄၀ ရာခိုင်နှုန်းကသာ သူ့ကိုထောက်ခံတယ် ဆိုတာကြောင့် ကျန်တဲ့ ၆၀ က ရန်သူကို ထောက်ခံတယ်လို့ ဆိုလိုရာရောက်ကြောင်း ထရမ့်ပ်က ပြောခဲ့တာဖြစ်ပါတယ်။
CBS ရုပ်သံနဲ့ NBC ရုပ်သံတွေက ပြုလုပ်တဲ့ နောက်ဆုံးစစ်တမ်းတွေအရတော့ ကမ်မလာ ဟားရစ်က ထရမ့်ပ်ကို အသာရနေပါတယ်။
ဒါပေမဲ့ စီးပွားရေး၊ လူနေမှုစရိတ်နဲ့ ရွှေ့ပြောင်းအရေးတို့မှာ ထရမ့်ပ်ကို ဟားရစ်ထက်ပိုပြီး ယုံကြည်မှုရှိတယ်လို့လည်း စစ်တမ်းတွေက ဖော်ပြပါတယ်။
Source-Reuters