
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၉ ရက် စတင်ကျင်းပမဲ့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) မှာ မြန်မာနိုင်ငံက အားကစားနည်း ၃၆ မျိုးမှာ ကစားသမား ၁,၄၇၇ ယောက်နဲ့ ဝင်ပြိုင်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင် ထိုင်းနဲ့ မလေးရှားနိုင်ငံတွေပြီးရင် အားကစားသမား အရေအတွက် အများဆုံး ဝင်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲကျင်းပမဲ့ အားကစားနည်း ၅၅ မျိုးထဲက ၃၆ မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မဲ့ အားကစားနည်းတွေက ရေကူး၊ ပြေးခုန်ပစ်၊ မြားပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘိလိယက်နဲ့ စနူကာ၊ ဘိုးလင်း၊ လှေလှော်၊ စစ်တုရင်၊ ခရစ်ကက်၊ စက်ဘီး၊ မြင်းစီး၊ Esports၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ ဟော်ကီ၊ စကိတ်၊ ပီတန်း၊ ရွက်လှေ၊ ပိုက်ကျော်ခြင်း/ခြင်းလုံး၊ သေနတ်ပစ်၊ အလေးမ၊ ဘောလုံး/ဖူဆယ်၊ တက်ဂ်ဘော၊ ဘော်လီဘော အားကစားနည်းတွေမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။
တိုက်ခိုက်ရေးအားကစားနည်းတွေထဲမှာတော့ တိုက်ကွမ်ဒို၊ လက်ဝှေ့၊ ဂျူဒို၊ ဂျူဂျစ်ဆု၊ ကဘာဒီ၊ ကရာတေး၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ ပန်ကြပ်ဆီလတ်၊ နပန်းနဲ့ ဝူရှူး အားကစားနည်းတွေလည်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲမစတင်ခင် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေစတင်မှာ ဖြစ်လို့ မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းကတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကြိုတင်ရောက်ရှိ လေ့ကျင့်နေကြပါတယ်။


