Home
မြန်မာသတင်း
မြန်မာဘက်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် နယ်စပ်ရှိ ထိုင်းကျောင်းပိတ်ထားရ 
DVB
·
December 2, 2025
Photo: Northern News Thailand

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် မဟာဝမ်းအုပ်စုနဲ့ မျက်နှာချင်းဆိုင် ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ကျေးရွာ စာသင်ကျောင်းပိတ်ထားရပြီး သောင်ရင်းမြစ်တလျှောက်က ပြည်သူတွေလည်း ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်နေကြရပါတယ်။ 

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းရှိတဲ့ မင်းလက်ပံဒေသမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျည်တွေဟာ နိုဝင်ဘာ ၃၀ ရက်မနက်က  ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဟာဝမ်းအုပ်စု မဲ့ကို့ကင်း ကျေးရွာ ထဲကို ကျရောက်ခဲ့တယ်။ 

ရွာထဲက နေအိမ်နဲ့ ပြည်သူအချို့ ဒဏ်ရာရပြီးတဲ့နောက် မဲ့ကို့ကင်းကျေးရွာ စာသင်ကျောင်း ပိတ်ထားရပြီး နောက်ထပ် တပတ် ဆက်ပိတ်ထားကာ အွန်လိုင်းစနစ်နဲ့သာ သင်ကြားဖို့ သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ Northern News Thailand ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းဘက်ခြမ်းကို လက်နက်ကျည်ကျပြီးတဲ့နောက် ထိုင်းစစ်တပ် နရေးဆွန်စစ်ကြောင်းက မြန်မာဘက်ကို မီးခိုးဗုံးနဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်၊ အဲဒီနောက် ရာ့ချ်မနူး အထူးတိုက်ခိုက်ရေးစစ်ကြောင်း၊ အမှတ် ၃၅ ကွန်မန်ဒိုတပ်၊ အမှတ် ၃၆ ခြေလျင်တပ်နဲ့ နယ်စပ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူ့လုံခြုံရေးကို ၂၄ နာရီ စောင့်ကြပ်နေပါတယ်။ 

ဒီဇင်ဘာ ၁ ရက်အထိ တဘက်နိုင်ငံက ပစ်ခတ်သံတွေကို အတိုင်းသားကြားနေရတာကြောင့်  သောင်ရင်းမြစ်ကမ်းတလျှောက်နေ ပြည်သူတွေကို ဘေးလွတ်ရာ တိမ်းရှောင်ထားဖို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အသံချဲ့စက်နဲ့ လိုက်လံဆော်ဩနေတယ်လို့ ဆိုပါတယ်။ 

နယ်စပ်လုံခြုံရေးအတွက် မဲဆောက်၊ မယ်လမတ်၊ ထာ့ဆောင်ယန်း၊ အုန်းဖျံနဲ့ ဖုပ်ဖရမြို့နယ်ရှိ နယ်စပ်လှေဆိပ်တွေကို ဒီဇင်ဘာ ၆ ရက်အထိ ပိတ်ထားသလို  အမှတ် ၂ ချစ်ကြည်ရေးတံတားလည်း ပိတ်ထားဆဲ ဖြစ်တယ်။ ဒါပေမဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတားကတော့ ပုံမှန်ဖွင့်ထားတယ်လို့ ထိုင်းနယ်စပ်သတင်းမှာ ဖော်ပြပါတယ်။ 

Source: Northern News Thailand / PPTV HD36

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013