
အာရှဖလား ယူ-၁၇ ဘောလုံး ခြေစစ်ပွဲမှာ မြန်မာ အပါအဝင် အာဆီယံဒေသက အသင်း ၄ သင်းက ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။
မနှစ်က ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ခဲ့တဲ့ အင်ဒိုနီးရှား ယူ-၁၇အသင်းက အလိုအလျောက် ခြေစစ်ပွဲ အောင်မြင်ထားပြီး မြန်မာလူငယ် အပါအဝင် ဗီယက်နမ်၊ ထိုင်း အသင်းတွေက ခြေစစ်ပွဲတွေ ကစားပြီး အုပ်စုပထမနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။
မြန်မာယူ-၁၇ အသင်းက အုပ်စုနောက်ဆုံးပွဲမှာ ဆီးရီးယားကို ၂ ဂိုးစီ သရေကစားပြီး အုပ်စု ပထမနေရာကနေ ရှုံးပွဲမရှိ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ဗီယက်နမ်အသင်းကတော့ နောက်ဆုံးပွဲစဉ်မှာ မလေးရှားအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
ထိုင်းလူငယ်အသင်းကလည်း နောက်ဆုံးပွဲစဉ်မှာ ကူဝိတ်ကို ၃ ဂိုးပြတ် အနိုင်ယူခဲ့တာကြောင့် ၃ သင်းအထိ ရမှတ်တူညီသွားပေမဲ့ ၃ သင်းစလုံးရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဂိုးကွာခြားချက် အသာရခဲ့တာကြောင့် အုပ်စု ပထမနေရာရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။
အာရှ ယူ-၁၇ ပြိုင်ပွဲကို ဆော်ဒီနိုင်ငံမှာ အိမ်ရှင်အဖြစ် လာမယ် ၂၀၂၆ ခုနှစ် မေ ၇ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ အာဆီယံဒေသတွင်း ၄ သင်းအပါအဝင် အာရှထိပ်တန်းအသင်းတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ဆော်ဒီ၊ သြစတြေးလျ၊ ဥဇဘက်ကစ္စတန်၊ မြောက်ကိုရီးယား၊ ကာတာ၊ တာဂျစ်ကစ္စတန်၊ ယူအေအီး၊ တရုတ်၊ ယီမင်နဲ့ အိန္ဒိယအသင်းတွေ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။


