Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်း ဟတ်ယိုင် ရေကြီးမှု မြို့တော်စည်ပင်ဝန်ကြီးအား စစ်ဆေးအရေးယူရန် တိုင်ကြား 
DVB
·
December 1, 2025
Photo: matichon news

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့မှာ ပြီးတဲ့အပတ်က ရေကြီးမှုဒဏ် ဆိုးရွားစွာခံရပြီး ကြီးမားတဲ့ သေကျေပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ ဒေသန္တရအစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေလည်း ပြစ်တင်ဝေဖန်မှုတွေ ခံနေရပါတယ်။ 

ဟတ်ယိုင်မြို့မှာဆိုရင် ရေကြီးစဉ် ဖုန်းအဆက်သွယ်မရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ရွှေ့ပြောင်းခံထားရပြီး မြို့တော်စည်ပင်ဝန်ကြီးဖြစ်တဲ့ နိုင်းနရုန်းဖွန်း နာ့ဖတ်ထလုန်းကိုလည်း စစ်ဆေးအရေးယူဖို့၊ စစ်ဆေးစဉ်ကာလ တာဝန်မှရပ်စဲထားဖို့  တိုင်ကြားခံထားရပါတယ်။ 

ဟတ်ယိုင်မြို့တော်စည်ပင်ဝန်ကြီးဟာ ရာထူးရရေး မဲဆွယ်စဉ်ကာလ ဟတ်ယိုင်ရေကြီးမှုပြဿနာကို ဖြေရှင်းမယ်လို့ ပြောခဲ့တယ်၊ ဒီတကြိမ် ရေကြီးတော့ မိုးဇလဌာနက ရေကြီးမယ့်အကြောင်း ၉ ကြိမ်တိုင် ထုတ်ပြန်သတိပေးခဲ့ပေမဲ့ “ဖြေရှင်းနိုင်တယ်၊ မစိုးရိမ်ဖို့ ” ပြည်သူတွေကို ပြောကြားခဲ့လို့  အချိန်မီရွှေ့ပြောင်းခြင်းမပြုနိုင်ဘူး၊ ဒါကြောင့် သေကျေပျက်စီးဆုံးရှုံးမှုများခဲ့တယ်၊ ဒီအတွက် သူ့မှာ တာဝန်ရှိတယ်၊ စုံစမ်းစစ်ဆေးအရေးယူဖို့  လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအကြံပေးလည်းဖြစ်၊ ထိုင်းတောင်ပိုင်းဒေသဖွံ့ဖြိုးရေးကော်မတီဝင်လည်းဖြစ်တဲ့ နိုင်းဆွန်ထိယား ဆဝဒီက ဒီကနေ့  ဒီဇင်ဘာ ၁ ရက်နေ့ ဘန်ကောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့အသံတိုင်ကြားရေးဌာနမှာ ဝန်ကြီးချုပ်ဆီ လိပ်မူပြီး တိုင်စာပေးပို့ခဲ့ပါတယ်။ 

နိုင်းဆွန်ထိယားဆဝဒီက“ကျနော်ဟာ ဟတ်ယိုင် နိပွန်အထူးစီးပွားရေးကုမ္ပဏီမှာ ၅ နှစ်ကျော်လုပ်ကိုင်နေထိုင်ခဲ့လို့ ဟတ်ယိုင်ရေကြီးတဲ့ ပြဿနာ ကောင်းကောင်းသိတယ်။ ၂၀၀၀ ပြည့်နှစ် ရေကြီးတုန်းက ဆုံးရှုံးမှုတန်ဖိုး ဘတ်သန်းပေါင်း ၄,၀၀၀ ကျော်ရှိတယ်၊ ၂၀၁၀ မှာရေကြီးတာ ဘတ်သန်းပေါင်း ၁၈,၀၀၀ ဆုံးရှုံးတယ်၊ အဲဒီနှစ်က မိုးရေချိန် ၄၃၀ မီလီမီတာရှိတယ်၊ ဒီ ၂၀၂၅ ခုနှစ်မှာ မိုးရေချိန် ၆၂၀ မီလီမီတာထိရှိတယ်၊ အဲဒါတောင်မှ ပြည်သူတွေကို မစိုးရိမ်ဖို့၊ ဖြေရှင်းနိုင်တယ်လို့  ပြောခဲ့တယ်၊ ကြိုတင်ပြောင်းရွှေ့ဖို့ မပြောဘူး၊ သူလည်း ဟတ်ယိုင်က ရေကြီးတဲ့ အတွေ့အကြုံရှိတာပဲ၊  သူလို တာဝန်ရှိသူက ပြောတော့ ပြည်သူတွေကယုံကြည်တယ်၊ ရေက ၇၂ နာရီတွင်း ၃ မီတာမြင့်လာတော့ အချိန်မမီတော့ဘူး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းချင်းကြား ချိတ်ဆက်ဆောင်ရွက်မှုလည်း အားနည်းတယ်၊ အဲဒီတော့ လူတွေရာနဲ့ချီ သေကျေရတယ်၊ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းလို့မရအောင် အကြီးအကျယ်ဖြစ်ခဲ့တယ်၊ ဒါဟာ ရာဇသတ်ကြီးပုဒ်မနဲ့လည်း ငြိစွန်းတယ်၊ ဒီဆုံးရှုံးမှုတွေ တာဝန်ယူတဲ့ အနေနဲ့ စည်ပင်ဝန်ကြီးရာထူးက နုတ်ထွက်သင့်တယ်၊ သက်ဆိုင်ရာအနေနဲ့ သူ့ကိုစုံစမ်း စစ်ဆေးဆဲကာလမှာ တာဝန်ကနေ ရပ်နားထားဖို့ တောင်းဆိုတယ်၊ ၃ ရက်အတွင်း ဘာမှ ထူးခြားမှုမရှိရင် ဆုန်ခလာခရိုင်ဝန် နဲ့ ခရိုင်စီမံခန့်ခွဲရေးက တာဝန်ရှိသူကိုပါ အရေးယူဖို့ တိုင်တန်းရပါလိမ့်မယ်” လို့  သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

Future Forward Party ပါတီ ( ပယ်ဖျက်ခံရ ) က လွှတ်တော်အမတ်ဟောင်း ချော့ကာနီကာကလည်း စည်ပင်ဝန်ကြီးဟာ ပြည်သူ့အကျိုးတကယ်လုပ်သူမဟုတ်ဘဲ ဖရန်းပချားရတ်ပါတီ လက်ရှိ လယ်ယာစိုက်ပျိုး မွေးမြူရေးဝန်ကြီး ထမနတ်ဖုန်းဖောင်ရဲ့ လူဖြစ်တယ်။ သူတို့ချင်းအချိတ်အဆက်နဲ့ ဒီရာထူးရ လာတာဖြစ်တယ်၊ ထမနတ်ဖုန်းဖောင်ဟာ သဘာဝ‌ရေဘေးပြဿနာဖြေရှင်း‌ရေးကော်မတီ ဥက္ကဋ္ဌ လည်းဖြစ်တယ၊ သူ့မှာလည်း တာဝန်ရှိတယ်၊ ဒါကြောင့် သူပါစစ်ဆေးအရေးယူခံရသင့်တယ်လို့  သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားပါတယ်။ 

တိုင်ကြားခံရသူ ဟတ်ယိုင်မြို့တော်စည်ပင်ဝန်ကြီး နိုင်းနရုန်းဖွန်းကတော့ ရေးဘေးကိစ္စ သူ့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းခဲ့တယ်၊ ဒါဟာ သဘာဝဘေးဖြစ်တယ်၊ သူလည်း နိုင်ငံရေး လောကကနေ အပြီးအပိုင် အနားယူတော့မယ်လို့ ပြောပါတယ်၊ လက်ရှိရာထူးမှ နုတ်ထွက်ဖို့တော့ ဘာမှ ဖြေကြားခြင်းမရှိပါဘူး။ 

ဘန်ကောက်ပို့စ်သတင်းမှာလည်း  ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်နဲ့  အခြားဒေသက ရေဘေးသင့်ပြည်သူတွေအနေနဲ့  အစိုးရကို တရားစွဲဆိုဖို့  တက်ကြွလှုပ်ရှားသူ ရှေ့နေတဦးဖြစ်သူ ရွန်နာရွန် ကယောက်ဖက်ချ်က တိုက်တွန်းလိုက်ကြောင်း ဖော်ပြပါတယ်။ 

အစိုးရရဲ့  ကြိုတင်သတိပေးမှု နှောင့်နှေးတာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာနဲ့  အခြေခံအဆောက်အအုံ ချို့ယွင်းမှုတွေအတွက် တာဝန်ခံသင့်တယ်လို့ ရှေ့နေက ဆိုပါတယ်။ 

လူမှုတရားမျှတမှု ပြန်လည်ရရှိရေး လှုပ်ရှားမှုဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရွန်နာရွန်က ဒေသဆိုင်ရာ အစိုးရအရာရှိတွေရဲ့ ပေါ့ဆမှု ဒ့ါမှမဟုတ် မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို သက်သေပြနိုင်ပါက ပြည်သူတွေအနေနဲ့ လျော်ကြေးတောင်းဆိုပိုင်ခွင့်ရှိတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပါတယ်။

ဘေးအန္တရာယ်ရဲ့ ပြင်းထန်မှုကို မှားယွင်းစွာ သုံးသပ်ပြီး အချိန်မီသတိပေးချက်ထုတ်ပြန်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒေသခံတွေဟာ ကြိုတင်ပြင်ဆင်ချိန်မရခဲ့သလို ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ခြင်းလည်း မရှိခဲ့ဘူးလို့ ရွန်နာရွန်က ထောက်ပြပါတယ်။ 

ဒီလို သတိပေးချက်တွေ နှောင့်နှေးတာ ဒါမှမဟုတ် မလုံလောက်တာကို သက်သေပြနိုင်ရင် နိုင်ငံတော်မှာ တာဝန်ရှိလာနိုင်ပြီး ပေါ့ဆမှုမြောက်နိုင်တယ်လို့ သူက ဆိုပါတယ်။ 

ရေဘေးကာလအတွင်း ဒေသခံတွေ သတင်းအချက်အလက်အတွက် အားကိုးခဲ့ရတဲ့ ဟတ်ယိုင်မြို့တော်စည်ပင်သာယာရေးအဖွဲ့က အစပိုင်းမှာ အခြေအနေ စိတ်ချရတယ်လို့ အာမခံခဲ့တာကြောင့် လူအများအပြားဟာ နေအိမ်တွေမှာပဲ ဆက်နေဖို့ ဒါမှမဟုတ် ပစ္စည်းတွေကို နေရာမြင့်ရွှေ့ဖို့ပဲ လုပ်ဆောင်ခဲ့ကြတယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ရေတံခါးတွေ မှားယွင်းစွာ လည်ပတ်တာ၊ ရေနုတ်မြောင်းတွေ ပြုပြင်ထိန်းသိမ်းမှု အားနည်းတာ၊ တူးမြောင်းတွေ ပိတ်ဆို့တာ သို့မဟုတ် ရေစုပ်စက်တွေ ချို့ယွင်းတာမျိုးလို ရေစီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေက ရေဘေးကို ပိုဆိုးစေခဲ့ကြောင်း အထောက်အထားပြနိုင်ရင်လည်း အစိုးရကို တရားစွဲနိုင်တယ်လို့ ရွန်နာရွန်က ပြောပါတယ်။

တချိန်တည်းမှာပဲ ဘူရာဖာတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ ဥပဒေကထိကဖြစ်သူ တွဲဖက်ပါမောက္ခ အိုလန် သင်ဘန်တီယိုက ဟတ်ယိုင်မြို့က ရေဘေးအကျပ်အတည်းဟာ ဒေသအရာရှိ တဦးတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကြောင့် မဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းမှာ အမြစ်တွယ်နေတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာကို ထင်ဟပ်နေတယ်လို့ သုံးသပ်ပါတယ်။ 

ဆယ်စုနှစ်များစွာ ဗဟိုချုပ်ကိုင်မှုကြီးစိုးတဲ့ ဗျူရိုကရေစီစနစ်ကြောင့် ဆုံးဖြတ်ချက်ချမှတ်မှု နှေးကွေးတာ၊ ဒေသဆိုင်ရာအေဂျင်စီတွေ အားနည်းတာနဲ့ အေဂျင်စီအချင်းချင်း ညှိနှိုင်းမှုမရှိတာတို့ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအချက်တွေကြောင့် ဟတ်ယိုင်မြို့ဟာ တောင်ပိုင်းဒေသရဲ့ အဓိက စီးပွားရေးအချက်အချာဖြစ်လာပေမဲ့ ဘေးအန္တရာယ်ကို ခံနိုင်ရည်မရှိ ဖြစ်နေရတယ်လို့ တွဲဖက်ပါမောက္ခ အိုလန်က ပြောပါတယ်။ 

"ရေတိုထောက်ပံ့မှုက လိုအပ်ပေမယ့် မလုံလောက်ပါဘူး။ ဗဟိုချုပ်ကိုင်မှု လျှော့ချတာနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို တိုးတက်အောင် လုပ်တာလိုမျိုး ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ရင် ဟတ်ယိုင်လို မြို့ကြီးတွေဟာ ဘယ်သူဝန်ကြီးချုပ်ဖြစ်ဖြစ် အနာဂတ်မှာ အလားတူဘေးဒုက္ခတွေကို ထပ်ကြုံရဦးမှာပါ” လို့ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။ 

၂၀၂၅ နိုဝင်ဘာ ၁၉ မှ ၂၇ ရက်အထိ ထိုင်းတောင်ပိုင်း ၉ ခရိုင်မှာ ရေကြီးမှုကြောင့် လူပေါင်း ၃ သန်းနီးပါး ရေဘေးသင့်ပြီး ၁၀၀ ကျော်သေဆုံးခဲ့တယ်၊ ထိုင်းတောင်ပိုင်းရဲ့ စီးပွားရေးအချက်အချာ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့က အဆိုးရွားဆုံးဖြစ်ပြီး ဆုံးရှုံးမှု ဘတ်သန်းပေါင်း ထောင်နဲ့ချီရှိတယ်လို့ ဆိုပါတယ် ။ 

ဝန်ကြီးချုပ် နိုင်းအနုထင်း ချန်းဝီရကွန်းကလည်း သေဆုံးသူတွေအတွက် ဂရုဏာကြေး ဘတ် ၂ သန်း၊  ရေဘေးသင့် တအိမ်ထောင်လျှင် ဘတ် ၉,၀၀၀ စီထောက်ပံ့ပြီး စီးပွားရေး ပြန်လည်ထူထောင်ဖို့ ဘတ် ၁၀၀,၀၀၀ ထက်မပိုတဲ့ငွေ ထုတ်ချေးပေးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဆောက်အအုံ ပြင်ဆင်စရိတ်တွေ ပံ့ပိုးကူညီမယ်၊ ဟတ်ယိုင်မြို့တော်သန့်ရှင်းရေးအတွက် ကန်ထရိုက်ငှါးရမ်းဖို့ မြို့တော်စည်ပင်ကို ခွင့်ပြုထားတယ်၊ ရေဘေးရှောင်နေရသူတွေ  ၇ ရက်အတွင်း မိမိနေအိမ်မှာ ပြန်နေစေရမယ်၊ ၁၄ ရက်အတွင်း ပုံမှန်အတိုင်း ပြန်သန့်ရှင်းနေရမယ်လို့ နိုဝင်ဘာ ၃၀ ရက် ဟတ်ယိုင်မြို့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ 

Source :  Bangkok Post / 3Plus News / Thae Nation TV 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013