
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုံခလာခရိုင်၊ ဟတ်ယိုင်မြို့မှာ တပတ်ကြာရေကြီးမှုကြောင့် လူပေါင်း ၂ သန်းကျော် ရေဘေးသင့်ခဲ့ရပြီး မြန်မာအလုပ်သမား ၁ သိန်းကျော် ရေဘေးဒုက္ခ ကြုံတွေ့နေကြလို့ အချင်းချင်း ရိုင်းပင်းကူညီပေးနေကြရပါတယ်။
လက်ရှိမှာ ဟတ်ယိုင်ရဲ့ နေရာတော်တော်များများမှာ ရေကျသွားပြီဖြစ်ပေမဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ဆုံးရှုံးပြီး မြန်မာအလုပ်သမားတွေ အကူအညီလိုအပ်နေပါတယ်။
ဟတ်ယိုင်မြို့ ထုံးလုံရပ်ကွက်မှာရှိတဲ့ လက်အိတ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား အိမ်ရာဝင်းလည်း ရေနစ်မြုပ်ကာ ပိုင်ဆိုင်မှု ဆုံးရှုံးသွားတဲ့အတွက် အကူအညီတွေ လိုအပ်နေကြောင်း အလုပ်သမား မအေးခိုင်က DVB ကို ပြောပါတယ်။
“ပျက်စီးတာက အကုန်လုံးပျက်စီးတာပေါ့၊ အခန်းမှာ ဈေးရောင်းတဲ့ ပစ္စည်းတွေ တခုမှ မရှိတော့ဘူး အကုန်လုံး ပါတာ။ အိမ်မှာ ဆား၊ ငပိ၊ အချိုမှုန့်၊ ဟင်းချိုမှုန့် ဘာမှမရှိတော့ဘူး။ ဘာကယ်ဆယ်ရေးမှလည်း မလာဘူး၊ ဘာမှ မလာဘူး ဒီဘက်ကို။ စက်ရုံကလည်းမပေးဘူး၊ စက်ရုံလည်း ရေမြုပ်နေတယ်ကြားတယ်။ အလုပ်လည်း ဘယ်နေ့ ဆင်းရမယ် မသိသေးဘူး။ ညီမတို့ကတော့ ဆင်းလို့လည်း အဆင်မပြေသေးဘူး၊ အခန်းမှာလည်း နေဖို့နေရာနဲ့ အိပ်တာတောင် ကောင်းကောင်း မအိပ်ရတဲ့ဘဝတွေ။ စားတာဆိုလည်း အဆင်ပြေတဲ့ သူငယ်ချင်းအခန်းမှာ သွားတောင်းစားနေရတယ်၊ ထမင်းကို သူများအခန်းက တောင်းစားနေရတယ်၊ ၂၁ ရက်နေ့ကတည်းက ထမင်းကောင်းကောင်းမစားရတာ၊ အိပ်ယာခင်းတွေလည်းမရှိတော့ဘူး။”
ဟတ်ယိုင်မြို့နေရာတော်တော်များများမှာ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ အနိမ့်ပိုင်းနေရာတွေမှာတော့ ရေနစ်မြုပ်နေဆဲဖြစ်သလို ပိတ်မိနေတဲ့သူတွေ၊ အဆက်အသွယ်ပြတ်တောက်နေတဲ့ မြန်မာတွေ ရှိနေဆဲဖြစ်ကြောင်း ကိုယ်တိုင်ရေဘေးသင့်ခဲ့ရသလို မြန်မာအလုပ်သမားတွေကို ကူညီနေတဲ့ ကိုကျော်ဇင်က ပြောပါတယ်။
“မြန်မာအလုပ်သမား ၂၄၊ ၂၅ ကတော့ အခက်အခဲဆုံးပေါ့။ အဲဒီနေ့တွေကတော့ အားလုံးအထပ် မြင့်တွေကို ပြောင်းရွှေ့ကြရတာ။ မြေညီထပ်က အခန်းတွေဆို ဘယ်သူမှ နေလို့မရဘူး။ ကျနော်တို့ ထုထုန်ဘက်မှာတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ ရေတွေလည်း ပြန်ကျသွားပြီ၊ အခန်းတွေလည်း ရှင်းပြီးသွားပြီ။ ဆိုးတာက ရော်ဘာခြံသမားတွေက ခက်ခဲမှာ။ ဆိုးတာက ဟတ်ယိုင်မြို့ထဲက မြေနိမ့်ပိုင်းကျတော့ တချို့တွေက တိုက်ခန်းတွေထဲ ပိတ်မိနေတာ ရှိသေးတယ်ကြားတယ်။ ကျနော်တို့ ဆက်သွယ်တာကတော့ မရသေးဘူး။ ဘာလို့လဲဆိုတော့ ဖုန်းလိုင်းတွေရော၊ မီးတွေရော အဖြတ်ခံထားရတာကြောင့်။ ကျနော့်ညီမတွေတောင် ဆက်သွယ်လို့ လုံးဝမရနေဘူး၊ မြို့ထဲ အတွင်းပိုင်းတွေပေါ့၊ (--- ဈေး) ဈေးကြီးအတွင်းပိုင်းတွေမှာလည်း တော်တော်များများပိတ်မိနေတာရှိတယ်။”
အလုပ်သမားတွေ နေထိုင်ကြတဲ့ တန်းလျားတွေ အိမ်ရာဝင်းတွေက ရေနစ်မြုပ်ပြီး အသုံးအဆောင်ပစ္စည်းတွေ မျောပါ ပျက်စီးသွားတာဖြစ်လို့ ချက်ပြုတ်စားသောက်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် အမြင့်ပိုင်းမှာ နေထိုင်ကြတဲ့ မြန်မာတွေ အချင်းချင်း ရိုင်းပင်းကူညီပေးနေကြရပါတယ်။
လင်းလဲ့ရောင်ခြည်ပရဟိတအသင်း ဥက္ကဋ္ဌ ကိုရဲက “လျှပ်စစ်မီးတွေ ဖြတ်ထားတော့ စားသောက်တဲ့နေရာမှာ အခက်အခဲတွေဖြစ်တာပေါ့ အဲဒါပဲရှိတယ်။ တခြား ထိခိုက်ဒဏ်ရာရတာ၊ အသေအပျောက်တော့မရှိဘူး။ ဒီမနက် ၈ နာရီခွဲလောက်မှာ ရေက တော်တော်ကိုကျသွားပြီ။ ဆိုင်ကယ်မောင်းလို့ရတဲ့ အနေအထားထိဖြစ်သွားပြီ၊ ကားလမ်းတွေပေါ်သွားပြီ။ အခက်အခဲတွေ ဖြစ်နေတာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးကို ပိုပြီးတော့ ဂရုစိုက်ရတာပေါ့ တခြားသူတွေထက်စာရင်။ အဓိက လိုတာကတော့ သောက်ရေနဲ့ မားမားပေါ့။ ပထမက မားမားဆိုတော့ ဟိုမှာ ရေမရှိတော့အဆင်မပြေဘူးဗျ။ ဒီတော့ ကလေးတွေကို အကူအညီတောင်းပြီး ထမင်းဟင်းချက်တယ်၊ ဒီလိုမျိုးနဲ့ ထမင်းထုပ်ပို့ပေးတာပေါ့။ အခုလောလောဆယ်တော့ ကျနော်တို့ ဂက်စ်အိုးတွေ ပေးထားတော့ သူတို့ချက်ပြုတ်စားလို့ရမယ်လို့တော့ ယုံကြည်တာပေါ့နော်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက ရေဘေးသင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အမျိုး သားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘေးအန္တရာယ်ကာလအတွင်း အစားအသောက်၊ သောက်သုံးရေနဲ့ ဆေးဝါးတွေ ရရှိဖို့ အခက်အခဲတွေ၊ နေရာရွှေ့ပြောင်းမှုတွေကြောင့် လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့တွေကို အရေးပေါ် လိုအပ်နေတာကြောင့် ခုလိုကူညီခဲ့တာလို့ ဆိုပါတယ်။
ဝန်ကြီးဌာနက ကနဦးခြေလှမ်းအနေနဲ့ ဟတ်ယိုင်မြို့နဲ့ ပတ်ဝန်းကျင်ဒေသက ရေဘေးသင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လို အပ်တဲ့ ဆန်၊ ဆီ၊ သောက်သုံးရေ၊ အသင့်စား အစားအစာတွေ၊ အခြေခံဆေးဝါးတွေ အပါအဝင် အထောက်အပံ့ပစ္စည်းတွေကို စီမံပြီး သက်ဆိုင်ရာဒေသက မြန်မာအသိုက်အဝန်းက ခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ ပူးပေါင်းပြီးတော့ ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ထောက်ပံ့ကူညီမှုဟာ ပထမအဆင့်သာ ဖြစ်ကြောင်းနဲ့ ရေဘေးသင့်ဒေသတွေရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်လေ့လာပြီးတော့ ရေကျသွားပြီးနောက်ပိုင်းမှာလည်း ရေဘေးသင့်အလုပ်သမားတွေရဲ့ အလုပ်အကိုင်၊ နေထိုင်ရာတွေ ပြန်လည်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိစေရေးအတွက် ဒုတိယအဆင့်နဲ့ နောက်ဆက်တွဲ အကူအညီတွေ ဆက်လက်ပေးအပ်နိုင်ဖို့လည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့မှာ အနှစ် ၃၀၀ အတွင်း မိုးရေချိန် အမြင့်ဆုံး စံချိန်တင်ရွာသွန်းခဲ့တာ ကြောင့်လည်း ဖြစ်ပါတယ်။
ဟတ်ယိုင်မြို့တည်ရှိတဲ့ ဆုံခလာခရိုင်အပါအဝင် ထိုင်းတောင်ပိုင်းက ခရိုင် ၉ ခုလုံးမှာ ရေဘေးသင့်သူပေါင်း ၂ သန်းခွဲကျော် ရှိပြီး သေဆုံးသူ ၃၀ ကျော် ရှိတယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ကူညီရေးအဖွဲ့ရဲ့ နိုဝင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝေဝေ


