
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာမှာ အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အမျိုးသမီး ၁၅ ယောက် နိုဝင်ဘာ ၂၅ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သူတွေထဲမှာ ထိုင်းအမျိုးသမီး ၁၄ ယောက်နဲ့ လာအို နိုင်ငံသူ တယောက် ပါဝင်ပြီး သူတို့ဟာ ကျားဖြန့်ရုံမှာရှိတဲ့ စားသောက်ဆိုင် လုပ်နေတဲ့သူတွေ ဖြစ်ကြောင်းနဲ့ ထွက်ပြေးဖို့အတွက် ၃ ရက်တိတိ စောင့်ခဲ့ရတယ်လို့ ထွက်ပြေးလာတဲ့ ထိုင်းအမျိုးသမီး တယောက်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းစပ်မှာရှိတဲ့ မင်းလက်ပံ ကျားဖြန့်ရုံမှာ တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အယောက် ၃,၀၀၀ လောက်ရှိပြီး ထိုင်းဘက်ကို ထွက်ပြေးနိုင်သူ တချို့ရှိသလို အများစုကတော့ ရုံအတွင်းမှာပဲ ပိတ်မိနေပါတယ်။
နိုဝင်ဘာ ၂၁ ရက်က မင်းလက်ပံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မင်းလက်ပံကျေးရွာက ကျားဖြန့်ရုံကို လုံခြုံရေးယူပေးနေတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဗိုလ်သခွားသီး ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေက KNLA ပူးပေါင်းတပ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဒါကြောင့် KNLA ပူးပေါင်းတပ်တွေက ကျားဖြန့်ဝင်းကို ဝင်ရောက်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင် ၂၃၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။


