Home
မြန်မာသတင်း
DKBA နယ်မြေအတွင်း နိုင်ငံခြားသားများကို ခေါ်ဆောင်ပါက ဖမ်းဆီးအရေးယူမည်
DVB
·
November 25, 2025

DKBA ထိန်းချုပ်နယ်မြေအတွင်း ဘယ်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်စေ၊ ဘယ်သူ တဦး တယောက် ဖြစ်စေ၊ တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေကို ခေါ်ဆောင်တာ ခွင့်မပြုကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ကြေညာပါတယ်။ 

DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ CEC ရဲ့ နိုဝင်ဘာ ၂၄ ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကြေညာချက်ထုတ်ပြန်တာဖြစ်ပြီး မလိုက်နာပါက ဖမ်းဆီး အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာရှိ DKBA ထိန်းချုပ်ထားတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းရုံတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၁ ရက်မှာ ဝင်ရောင်စီးနင်းကာ DKBA တပ်ဖွဲ့ဝင်တွေကို လက်နက်တွေနဲ့အတူ ထိန်းသိမ်းခဲ့ပြီးနောက် အခုလို ကြေညာချက်ထွက်လာတာပါ။ 

နိုဝင်ဘာ ၂၁ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက KNLA တပ်တွေ ရှိရာဘက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ပစ်ခတ်စဉ် DKBA ထိန်းချုပ်မြေ မင်းလက်ပံရွာရှိ ကျားဖြန့်ရုံကို ထိမှန်ခဲ့ပါတယ်။ 

DKBA ဘက်ကလည်း ကျားဖြန့်ရုံကနေ ပြန်ပစ်ခတ်ခဲ့တာကြောင့် KNLA  ပူးပေါင်းတပ်တွေက ကျားဖြန့်ရုံကို ဝင်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာလို့ နယ်စပ် ကရင် သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။ 

ပစ်မိန့်ပေးတဲ့  ဗိုလ်မှူး သခွားသီးကို DKBA ဘက်က အရေးယူမယ်လို့  ပြောထားပေမဲ့  လက်ရှိမှာ ဗိုလ်မှူးသခွားသီးကတော့ မြဝတီမြို့မှာ ပြန်ခိုလှုံနေပါတယ်။

KNLA ပူးပေါင်းတပ်ဘက်က မင်းလက်ပံရွာကို ထိန်းချုပ်လိုက်တဲ့နောက်ပိုင်း တရုတ်နဲ့ ထိုင်း အပါအဝင် ကျားဖြန့်ဂိုဏ်းသား ၂၉ ယောက်ဟာ နိုဝင်ဘာ ၂၃ ရက် ညမှာ ထိုင်းဘက်ကို ထွက်ပြေးသွားတယ်လို့ နယ်စပ်သတင်းရင်းမြစ်က ပြောပါတယ်။

DKBA အဖွဲ့တွေ အခြေချထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှင်းလင်းမယ်ဆိုပြီးလည်း သတင်းတွေ ထွက်နေပါတယ်။

နိုဝင်ဘာ ၁၂ ရက်ကလည်း အမေရိကန်နိုင်ငံက DKBA ခေါင်ဆောင် ၄ ယောက်ကို  အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013