Home
မြန်မာသတင်း
 ရွှေကုက္ကိုကျားဖြန့်မှ နိုင်ငံခြားသား  ၁,၃၀၀ ကိုဖမ်းဆီးရမိဟု စစ်ကောင်စီပြော
DVB
·
November 22, 2025
Photo: myanmar.gov

ကရင်ပြည်နယ်၊ ရွှေကုက္ကိုနယ်မြေကိုရှင်းလင်းရာမှာ နိုင်ငံခြားသား အယောက် ၁,၃၀၀ ကျော်၊ ဖုန်းအလုံး ၂၀,၀၀၀ ကျော်နဲ့ ကွန်ပြူတာ အလုံး ၃,၀၀၀ လောက် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးသတင်းက နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေထဲက အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ရာမှာသုံးတဲ့ အဆောက်အအုံ ၆၃၅ လုံးကိုလည်း ဖြိုချဖျက်ဆီးနေပြီး နိုဝင်ဘာ ၂၁ ရက်အထိ ၁၈၂ လုံးကို ဖြိုချဖျက်ဆီးပြီးလို့ ကျန်တဲ့ ၄၅၃ လုံးကိုလည်း ဆက်လက်ဖြိုချနေတယ်လို့ ဆိုပါတယ်။

ရွှေကုက္ကိုလ်နယ်မြေကို နိုဝင်ဘာ ၁၈ ရက်ကစလို့ ရှင်းလင်းခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်မှာ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားနေကြတဲ့ တရုတ်နိုင်ငံသား ၁၁၆ ယောက်၊ ဗီယက်နမ်နိုင်ငံသား ၃၆ ယောက်၊ ကင်ညာနိုင်ငံသား ၁၄ ယောက်၊ အီသီယိုပီးယားနိုင်ငံသား ၇၅ ယောက်၊ တောင်အာဖရိကနိုင်ငံသား ၈ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၂၃ ယောက်၊ ယူဂန်ဒါနိုင်ငံသား ၂၉ ယောက်၊ ဇင်ဘာဘွေနိုင်ငံသား ၁ ယေက်၊ ဖိလစ်ပိုင်နိုင်ငံသား ၁၄ ယောက်၊ ပါကစ္စတန်နိုင်ငံသား ၃ ယောက်၊ ဘင်္ဂလားဒေ့နိုင်ငံသား ၁ ယောက်၊ လိုက်ဘေးရီးယားနိုင်ငံသား ၁ ယောက်၊ နိုင်ဂျီးရီးယားနိုင်ငံသား ၂ ယောက်၊ မော်ရိုကိုနိုင်ငံသား ၁ ယောက်၊ မာလဝီနိုင်ငံသား ၁ ယောက်၊ ကင်မရွန်းနိုင်ငံသား ၆ ယောက်၊ မွန်ဂိုးလီးယားနိုင်ငံသား ၁ ယောက်နဲ့ ထိုင်ဝမ်နိုင်ငံသား ၁ ယောက်၊ စုစုပေါင်း ၃၅၁ ယောက်တို့ကို စစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၀ ရက်ကလည်း ဗီယက်နမ်နိုင်ငံသား ၃ ယောက်၊ ကင်ညာနိုင်ငံသား ၂၃ ယောက်၊ အီသီယိုပီးယားနိုင်ငံသား ၈၅ ယောက်၊ နမေဗီးယားနိုင်ငံသား ၁ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၁၆၈ ယောက်၊ ယူဂန္ဓာနိုင်ငံသား ၁၅ ယောက်၊ နီပေါနိုင်ငံသား ၁၀ ဦး၊ အိန္ဒိယနိုင်ငံသား ၄၃ ယောက်၊ ဇင်ဘာဘွေနိုင်ငံသားတယောက်၊ ဖိလစ်ပိုင်နိုင်ငံသား ၁၃ ယောက်၊ ပါကစ္စတန်နိုင်ငံသား ၂၁ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ယောက်၊ ဆီးရီးယားလီယွန်နိုင်ငံသား ၃ ယောက်၊ လိုက်ဘေးရီးယားနိုင်ငံသား ၁ ယောက်၊ နိုင်ဂျီးရီးယားနိုင်ငံသား ၇ ယောက်၊ အီဂျစ်နိုင်ငံသား ၁ ယောက်၊ သီရိလင်္ကာနိုင်ငံသား ၁ ယောက်၊ ကာဇက်စတန်နိုင်ငံသား ၂ ယောက်၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၃ ယောက်၊ စုစုပေါင်း ၄၀၅ ယောက်တို့ကို လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရွှေကုက္ကိုလ်နယ်မြေကနေ နိုင်ငံခြားသား ၁,၃၆၇ ယောက်၊ ကွန်ပြူတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း အလုံး ၂၁,၇၅၀၊ Star Link ဘန်း ၁၀၁ လုံး၊ Router ၂၁ လုံးနဲ့ လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနိုင်ငံခြားသားတွေကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ၊ လုံထင်းဝန်းက အဆောက်အအုံမှာ ထိန်းသိမ်းထားရှိပြီး တရားမဝင် ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာမှာ အယောက် ၈၀၀ ကို စစ်ဆေးနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မြဝတီမြို့နယ်မှာရှိတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို စစ်ကောင်စီတပ်နဲ့  သူ့ရဲ့ ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF)က နှစ်ပေါင်းများစွာ အကာအကွယ်ပေးထားရာကနေ အခုအချိန်ကျမှ စီးနင်းဖမ်းဆီးမှုတွေလုပ်လာတာဖြစ်ပါတယ်။ 

အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ အမေရိကန်က အထူးတပ်ဖွဲ့ဖွဲ့စည်းလိုက်ပြီးနောက်မှာ မြန်မာဘက်မှာ ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက် စီးနင်းမှုတွေ ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

စီးနင်းဖမ်းဆီးရာမှာ အဓမ္မခိုင်းစေခံရတဲ့ ကျားဖြန့်လုပ်သားတွေကိုသာ ဖမ်းဆီးနေပြီး အရေးပါတဲ့ တရုတ်သူဌေးတွေနဲ့ ကျားဖြန့်ဂိုဏ်းသားတွေကိုတော့ ကြိုတင်နေရာရွှေ့ပြောင်းပေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013