Home
မြန်မာသတင်း
ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းများ အပူတပြင်း နေရာပြောင်းရွှေ့
DVB
·
November 18, 2025

အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းတွေကို အထူးစစ်ဆင်ရေးအနေနဲ့ နှိမ်နင်းသွားမယ့် သတင်းထွက်လာပြီးနောက် စစ်တပ်ဩဇာခံ ကရင်နယ်ခြားစောင့်တပ် (BGF)က ရွှေကုက္ကိုမြို့သစ်မှာ ရင်းနှီးမြှုပ်နှံတဲ့ တရုတ်တွေနဲ့ အရေးပါတဲ့သူတွေကို ညတွင်းချင်း နေရာ ရွှေ့ပြောင်းနေပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းဖို့ အမေရိကန်တရားရေးဌာနက FBI နဲ့ ပူးပေါင်းပြီး အထူးတပ်ဖွဲ့တခု နိုဝင်ဘာ ၁၂ ရက်က ဖွဲ့စည်းလိုက်ပါတယ်။ 

အဲဒီနောက်မှာတော့ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ် အပါအဝင် သောင်းရင်းမြစ်ကမ်းတလျှောက်က နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ နေရာတွေကို အထူးစစ်ဆင်ရေးတရပ်အနေနဲ့ နှိမ်နှင်းသွားမယ်လို့ နယ်ခြားစောင့်တပ် (BGF) က နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ကျားဖြန့်ကနေ ထွက်ပြေးတိမ်းရှောင်နေသူတယောက်က‌ “ရွှေကုက္ကိုက လူတွေက တော်တော်များများ ပြေးကုန်ကြပြီ။ သူဌေးတွေကို ခေါ်ထုတ်သွားတယ် ဆိုတာက အကုန်လုံးလည်း သိနေတဲ့အတိုင်းပဲလေ။ ပိုက်ဆံရှိတဲ့ အကြီးပိုင်းကလူတွေကိုတော့ ခေါ်ထုတ်မယ်။ ပြီးလို့ရှိရင် မတရားဖမ်းဆီးခံထားရပြီးတော့ မတရားခိုင်းစေခံထားရတဲ့လူတွေကို ဖမ်းပြမယ်။ သူဌေးတွေကို မဖမ်းသရွေ့ ဘယ်လိုလုပ် ပြီးကုန်တော့မလဲ။  ဒါပေမဲ့ မြဝတီနဲ့ သောင်းရင်းမြစ်ကမ်းဘေးနာမှာရှိတဲ့ ကုမ္ပဏီအကုန်လုံးဆိုရင် ပုံမှန်ပဲ။ ပိတ်လည်း မပိတ်သေးဘူး။ ပြေးလည်း မပြေးသေးဘူး” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ မော်ဖိုးကေဒေသမှာ အွန်လိုင်းကျားဖြန့်လုပ်ငန်းသစ်အတွက်  ကရင်နယ်ခြားစောင့်တပ် (BGF) က လယ်မြေတွေကို မြေတဧကကို ထိုင်းဘတ်ငွေ သိန်းချီပေး ဝယ်ယူနေပါတယ်။

လက်ရှိမှာလည်း ရွှေကုက္ကိုက ကျားဖြန့်ကုမ္ပဏီ ၅ ခုက ပြင်ဆင်ပြောင်းရွှေ့တာတွေ လုပ်ဆောင်နေတယ်လို့ BGF နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

BGF နဲ့ နီးစပ်သူက “ဒီရွှေကုက္ကိုမှာက ရထိုက်မှာဖြစ်နေတဲ့ကိစ္စတွေက နိုင်ငံတကာမှာ နာမည်ပေါက်နေတဲ့ ကျားဖြန့်တွေကို ဖြုတ်တော့ ဖြုတ်နေပြီ၊ ဖြုတ်သိမ်းနေတာ။ သူတို့ လောလောဆယ် ကုမ္ပဏီ ၅ ခုလားတော့ မသိဘူး။  အဲဒါတွေ မောင်းထုတ်ပြီးတော့ ပြင်ဆင် ပြောင်းရွှေ့တာတွေ လုပ်နေတာ” လို့ ပြောပါတယ်။

ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို သောင်းရင်းမြစ်ကမ်းတလျှောက်က ရွှေကုက္ကို၊ မယ်ထော်သလေး၊ အင်ကြင်းမိုင်၊ ဧက ၁၀၀၊ ရွှေပိတောင်မြိုင်၊ ကျောက်ခက်၊ AA ဆိုက်ဒ်၊ ဝမ်ခ၊ ဖလူး စတဲ့ မြေနေရာတွေမှာ တရုတ်နိုင်ငံသားတွေက ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေပါတယ်။

လက်ရှိမှာလည်း ဖလူးကျားဖြန့်ငွေလိမ်လုပ်ငန်းမှာ အတင်းအဓမ္မ စေခိုင်းခံနေရသူတွေ အများအပြားရှိနေပြီး ကယ်ထုတ်ပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ အဓမ္မစေခိုင်းခံရသူတယောက်က ပြောပါတယ်။

အဓမ္မစေခိုင်းခံရသူတယောက်က “ဒီထဲမှာ ကျန်နေသေးတဲ့ အလုပ်သမားတွေ အကုန်လုံးက ဒီလိုအခြေအနေမှာ အကုန်ပြန်ချင်နေပြီ။ တရုတ်တွေဆိုရင်လည်း သူတို့နိုင်ငံကို ပြန်ချင်တဲ့သူတွေရှိ တယ်။ အလိမ်အခေါ်ခံရတဲ့သူတွေ သူတို့နေရပ်ကို သူတို့ပြန်ချင်တယ်။ ဒါပေမဲ့ အခုက လုံဝပေးမပြန်ဘူး။ သူတို့မျှော်လင့်နေတယ်ဆိုတာက AA၊ KK Park တို့လိုမျိုး စစ်တပ်ကဝင်လာပြီး သူတို့ကို ကယ်ထုတ်နိုင်ဖို့ မျှော်လင့်နေတယ်။ ဒါပေမဲ့ တရုတ်သူဌေးနဲ့ ခေါင်းဆောင်တွေ ပြောတဲ့ စကားအရဆိုရင် စစ်တပ်ကနေ လုံးဝ ဝင်လာမယ်ပုံမမြင်ဘူး။ ဘာလို့ဆို သူတို့က ပိုက်ဆံပေးထားတယ်ဆိုပြီး ပြောတယ်။ တကယ်ပဲ စစ်တပ်က ကျန်နေသေးတဲ့ ဆိုက်ဒ်တွေကို မသိတာလား။ ပိုက်ဆံပေးထားလို့ မသိချင်အောင် ဆောင်နေတာလား” လို့ ပြောပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ၄ ယောက်နဲ့ ထိုင်းနိုင်ငံသား ၁ ယောက်ကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူလိုက်တယ်လို့ နိုဝင်ဘာ ၁၂ ရက်မှာ  ထုတ်ပြန်ခဲ့ပါတယ်။ 

ထိုင်းဝန်ကြီးချုပ် အနုထင်းချန်းဝီရကွန်းကလည်း နိုဝင်ဘာ ၁၀ ရက်က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကို ရောက်ရှိလာပြီး ကျားဖြန့်စစ်ပွဲ ဆင်နွှဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မှာ အွန်လိုင်းလောင်းကစားမှုနဲ့ အကျဉ်းကျခံနေရတဲ့ ရွှေကုက္ကိုလ်မြို့သစ်ထူထောင်သူ အဓိကခေါင်းဆောင် ကျားဖြန့်‌ခေါင်းဆောင် ရှီကျိကျန်းကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာ ၁၂ ရက်နေ့ က တရုတ်အာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးလိုက်ပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013