
ထိုင်းနိုင်ငံအနေနဲ့ ကျားဖြန့်အွန်လိုင်းလိမ်လည်မှု ပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တရပ်အနေနဲ့ နှိမ်နင်းသွားမှာဖြစ်ပြီး အိုင်တီနည်းပညာနဲ့ လိမ်လည်မှု ကာကွယ်နှိမ်နင်းရေးအတွက် ကော်မတီတရပ် ဖွဲ့စည်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုပပျောက်ရေးအတွက် အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး United Thailand Against Scammers ဆိုတဲ့ စီမံချက်နဲ့ နှိမ်နင်းနေတာမှာ လုပ်ငန်းအခြေအနေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတရပ်ကို နိုဝင်ဘာ ၁၀ ရက်က ဘန်ကောက်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ သတင်းစာရှင်းပွဲကို ထိုင်းဝန်ကြီးချုပ်လည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းအနုထင်း ချန်းဝီရကွန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဆိုင်ဘာရဲတပ်ဖွဲ့ နဲ့ သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့တို့က အမှုဖမ်းဆီးစစ်ဆေးပုံ အဆင့်အဆင့်တွေ ရှင်းလင်းပြသခဲ့ပါတယ်။
စီမံချက်ကာလ ၂၀၂၅ အောက်တိုဘာ ၂၇ မှ နိုဝင်ဘာ ၈ ရက်ထိ (၁၃ ရက်) တာ ကာလအတွင်း တနိုင်ငံလုံးမှာ အွန်လိုင်းလိမ်လည်မှုပေါင်း ၇,၀၀၀ နှိမ်နင်းခဲ့ပြီး တရားခံ ၇,၁၇၄ ဦးကို အရေး ယူခဲ့တယ်၊ ဆင်းမ်ကတ်နဲ့ လိမ်လည်သူ၊ အမည်ခံ ဘဏ်ငွေစာရင်း အသုံးပြုသူပေါင်း ၈၀၀ နီးပါး ဖမ်းဆီး အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အွန်လိုင်းမှာ ပစ္စည်းလိမ်လည်ရောင်းချနေတဲ့ ဂိုဒေါင်တွေ ပိတ်သိမ်းတာ၊ နယ်စပ်တလျှောက်ရှိ ဆက်သွယ်ရေးဧရိယာတိုင်တွေ လိုင်းကြိုးတွေ နေရာပေါင်း ၁,၆၀၀ ကျော် ဖြတ်တောက်ခဲ့တယ်၊ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက် အသုံးပြုပြီး အွန်လိုင်းလောင်းကစားမှု၊ လိမ်လည်သူတို့ရဲ့ ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၄၁ သန်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
နစ်နာသူတို့အတွက် ဆုံးရှုံးငွေများပြန်အပ်ရေး Money Cashback အစီအစဉ်အရ အွန်လိုင်း လိမ်လည်ခံခဲ့ရသူ ၃၃ ယောက်တို့ရဲ့ နစ်နာဆုံးရှုံးငွေပေါင်း ဘတ် ၁၅ သန်းကိုလည်း အဆိုပါ သတင်းစာရှင်းပွဲမှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီကစ ဒီနေ့ထိ အွန်လိမ်းအလိမ်ခံရသူပေါင်း ၃၂၂ ယောက်ရဲ့ ဆုံးရှုံးငွေ ဘတ်သန်းပေါင်း ၃၁၂ သန်းကို ပြန်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်အနုထင်းက ဒီစီမံချက်ဟာ ထိုင်းနိုင်ငံရဲ့ အွန်လိုင်းလိမ်လည်မှုနှိမ်နင်းရေး ပြတ်သားတဲ့ ပေါ်လစီ ဖြစ်တယ်။ နိုင်ငံတော်အနေနဲ့ ပြည်သူတွေ လိမ်လည်ခံနေရတာကို လက်ခံမှာ မဟုတ်ဘူး၊ ဒီပြဿနာကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ နှိမ်နင်းရမယ်၊ အိုင်တီနည်းပညာနဲ့ လိမ်လည်မှု ကာကွယ်နှိမ်နင်းရေးအတွက် ကော်မတီတရပ် ဖွဲ့စည်းခဲ့ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်မယ်။ အဲဒီကော်မတီထဲမှာ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့ ပူးပေါင်းပါဝင်တယ်၊ အဲဒီအဖွဲ့ထဲမှာ အစိုးရရော ပုဂ္ဂလိကနဲ့ ဘဏ်လုပ်ငန်းတွေပါ ပါဝင်တယ်၊ အမည်ခံ ဘဏ်စာရင်းဖွင့်တာ၊ ငွေကြေးခဝါချတာတွေပါ ကာကွယ်နှိမ်နင်းဖို့နဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းရဲ့ ငွေကြေးလည်ပတ်လမ်းကြောင်း လုံးဝဖြတ်တောက်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။
ဒီလိမ်လည်မှုလုပ်ငန်းစဉ်ထဲမှာ နိုင်ငံရေးသမား နဲ့ အစိုးရဝန်ထမ်းတွေ ပါဝင်ပတ်သက်နေတယ်ဆိုရင် ပြတ်ပြတ်သားသားအရေးယူရမယ်၊ ညှိနှိုင်းတာ၊ အမှုလျော့ပေါ့ပေးတာ မရှိစေရဘူး။ သက် သေနဲ့ တကွ သတင်းပေးသူကို ကာကွယ်ပေးရမယ်။ ဒီအွန်လိုင်းလိမ်လည်မှု လုံးဝပပျောက်ရေးအတွက် အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘူး၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ပြည်သူတွေပါ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မယ်၊ ပြည်သူတွေကြား အသိပညာပေးရေး လုပ်ငန်းတွေလည်း တိုးမြှင့်ဆောင်ရွက်ရမယ်၊ ဒါမှသာလျှင် အွန်လိုင်းလိမ်လည်မှုကင်းစင်သော ဘေးကင်းလုံခြုံသော နိုင်ငံဖြစ်မယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။
ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ဒုရဲချုပ် ကျီလဖုပ် ဖူရီးဒေ့ချ်ကလည်း တကမ္ဘာလုံးမှာ အွန်လိုင်းလိမ်လည်မှုကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ဒသမ ၀၃ သန်း ဆုံးရှုံးမှုရှိနေတယ်။ ထိုင်းနိုင်ငံမှာဆိုရင် မနှစ်ကနေ ခုထိ အွန်လိမ်းလိမ်လည်မှုပေါင်း ၃ သိန်းထိ ထပ်မံတွေ့ရှိတယ်၊ ပျှမ်းမျှခြင်းအားဖြင့် နေ့စဉ် လိမ်လည်မှု ၁၀၀၀ ကြိမ်ရှိပြီး ဘတ်သန်းပေါင်း ၇၀ နေ့စဉ် ဆုံးရှုံးတယ်။ ဒါကြောင့် အွန်လိုင်းလိမ်လည်မှုအမျိုးမျိုးပပျောက်ရေး အဘက်ဘက်က အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ဖြည့်စွက်ပြောသွားပါတယ်။
Source: INN News


