
မြဝတီမြို့တောင်ဘက်က KK Park စီမံကိန်းက ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေ နေရာရွှေ့ပြောင်းပြီး ဆက်လက်လုပ်ကိုင်ဖို့ BGF က မြေငှာရမ်းတာ၊ ဝယ်ယူတာတွေ လုပ်ဆောင်နေပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ KK Park စီမံကိန်းအတွင်းက ရင်းနှီးမြှုပ်နှံတဲ့ တရုတ်တွေနဲ့ အရေးပါတဲ့သူတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်ပိုင်းတွေက နေရာရွှေ့ပြောင်းပြီး ကာကွယ်ပေးထားပါတယ်။
ဒါ့အပြင် KK Park စီမံကိန်းအတွင်းက ထွက်ပြေးလာတဲ့ ကျားဖြန့်လုပ်ငန်းရှင်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ၊ ကျုံဒိုးမြို့နယ်တွင်းကို ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) တပ်ဖွဲ့ဝင်တွေက ပို့ဆောင်လာတဲ့အတွက် ဒေသခံတွေ လက်မခံဖို့ နိုဝင်ဘာ ၅ ရက်က KNU က ဒေသန္တရအမိန့် ထုတ်ပြန် တားမြစ်ခဲ့ပါတယ်။
ဒေသခံတယောက်က “လောင်းကစား ဘာညာဆိုတော့ သူတို့(ဒေသခံ) ဘယ်သဘောကျမလဲ။ မကြိုက်တာကတော့ လူတွေအားလုံးက မကြိုက်ကြပါဘူး။ ဘာကြောင့် မကြိုက်ဘူးဆိုတော့ ကစားတဲ့အလုပ်တွေ ဘာတွေကတော့ လူတွေက စာရိတ္တ ဘာညာ ဟိုဒင်း(ပျက်စီး)တာပေါ့။ ပေါ့ပေါ့ပါးပါးပဲ အလုပ်လုပ်ချင်ကြတာ။ ရိုးရိုးသားသားလူတွေက မကြိုက်ဘူးလေ။ စိတ်လည်း မဝင်စားဘူး။ လာရင် ဒေသခံတွေအနေနဲ့ လက်မခံပါဘူး” လို့ ပြောပါတယ်။
KNU/KNLA (PC) အနေနဲ့ ကျားဖြန့်လုပ်ကိုင်သူတွေကို သယ်ယူပို့ဆောင်တယ်ဆိုတဲ့ သတင်းအပေါ် ပြန်လည်မေးမြန်း စိစစ်သွားမှာဖြစ်ပြီး လောင်းကစားလုပ်ငန်းတွေ မပတ်သက်ဖို့နဲ့ မလုပ်ဖို့ ပေါ်လစီအရ ရပ်တည်နေတာကြောင့် ပါဝင်ပတ်သက်တာ အမှန်အကန်ရှိခဲ့ရင် တားမြစ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်မှုအတွက် အရေးယူ ဆောင်ရွက်သွားမယ်လို့ KNU/KNLA (PC) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
“ဒီလို အခြေအနေရှုပ်ထွေးနေတဲ့ ကာလတခုအောက်မှာကတော့ ကျနော်တို့ လမ်းကလည်း လူအများအားဖြင့် အသုံးပြုနေတဲ့ သွားလာနေတဲ့လမ်း ဖြစ်တဲ့အခါကျတော့ ခုနက ထွက်ပေါ်လာတဲ့ သတင်းအပေါ်မှာ အဖြစ်မှန်က ဘယ်လိုရှိလဲ ဆိုတာကိုတော့ နည်းနည်း ပြန်လေ့လာကြည့်ရမယ် ထင်ပါတယ်။ အတိအကျ တွေ့ရှိရတယ်၊ ပါဝင်ပတ်သက်မှုတွေ အမှန်အကန်ရှိတယ် ဆိုရင်တော့ ကျနော်တို့ဘက်မှာ တားမြစ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုအတွက်ကတော့ ကျနော်တို့ အဖွဲ့အစည်းကနေပြီးတော့ အရေးယူဆောင်ရွက်မှုတွေကတော့ ရှိပါတယ်။”
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ၊ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ မော်ဖိုးကေဒေသမှာ အွန်လိုင်း ကျားဖြန့်လုပ်ငန်းသစ်အတွက် ကရင်နယ်ခြားစောင့်တပ် (BGF) က လယ်မြေတွေကို ငှားရမ်း၊ ဝယ်ယူရာမှာ မြေတဧကကို ထိုင်းဘတ်ငွေ သိန်းချီပေး ဝယ်ယူနေပါတယ်။
လက်ရှိ မြေငှားရမ်း ဝယ်ယူနေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ဆက်လက် လုပ်ဆောင်လိမ့်မယ်လို့ အမြဲတမ်း ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။
“မော်ဖိုးကေဘက်ကို ရွှေ့လာတယ် ဆိုတာတော့ ကျနော် သူများတွေ တဆင့်စကား ကြားရတယ်။ သဘောထားတွေက ကြည့်ရဦးမယ်။ ဒီကောင်ကလည်း တဆင့်ခံဖြစ်နေတယ်။ BGF နဲ့ တပ်မဟာ ၇ နဲ့က ဘယ်လိုညှိနှိုင်းမလဲ။ အဲဒီအပေါ်မှာ ကျနော်တို့ သဘောထားကို ပြန်ထားရမယ်လေ။ ဘာကြောင့်မို့ အခုဟာက ဒီကောင်တွေက သိပ်အားကြီးတယ်။ ပြောရရင် ကျားဖြန့်က ကျားဖြန့်အဆင့် မဟုတ်ဘူး။ ကျားဖြန့်နောက်က ကောင်ကြီးတွေက ကြောက်ရတာ။ အဲဒါတော့ သူတို့ သက်ဆိုင်ရာ သက်ဆိုင်ရာက တာဝန်ရှိတဲ့သူတွေ လုပ်ပါလိမ့်မယ်။”
ပိုင်ကျုံမြို့နယ်၊ မော်ဖိုးကေဒေသမှာ အွန်လိုင်း ကျားဖြန့်လုပ်ငန်းသစ်အတွက် လယ်မြေတွေကို ငှားရမ်း၊ ဝယ်ယူနေတာနဲ့ ပတ်သက်ပြီး KNU၊ BGF တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခုအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိပါဘူး။
KK Park စီမံကိန်းမှာ KNU ခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီက ပြောဆိုခဲ့ပါတယ်။
KNU ဘက်က ဧက ၁၀၀ မြေကွက်ကို Trans -Asia International Holding Group (Thailand) Co., Ltd. နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ရပ်ဆိုင်း နုတ်ထွက်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အောင်ခန့်


