Home
မြန်မာသတင်း
ရွှေကုက္ကို ကျားဖြန့်မှ ထွက်ပြေးလာသည့် နိုင်ငံခြားသားများ ထိုင်းဘက်ကူးရန် ကြိုးစားနေ 
DVB
·
November 18, 2025
Photo: AEC ASEAN News

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်က ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အထူးစစ်ဆင်ရေးအနေနဲ့ အပြတ်နှိမ်နင်းသွားမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ကြေညာလိုက်ပြီးတဲ့နောက်မှာ အဆိုပါနယ်မြေတွင်းမှ နိုင်ငံခြားသားတွေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားနေကြတယ်လို့  The Reporters ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

နိုဝင်ဘာ ၁၈ ရက် ဒီမနက် ၉ နာရီလောက်မှာ ရွှေကုက္ကိုမြို့သစ်ရဲ့ အခြေအနေ ပုံမှန်ရှိနေတယ်၊ ဒါပေမဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တဘက်ကမ်း  သောင်ရင်းမြစ်ကမ်းဘေးမှာတော့  နိုင်ငံခြားသားတချို့ ရောက်ရှိနေပြီး ထိုင်းဘက်ကူးလာဖို့ ရေစီးကြောင်းအခြေအနေကို  စောင့်ကြည့်နေကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ 

မြဝတီမြို့ထဲမှာလည်း တရုတ်လူမျိုးတွေနဲ့ မျက်နှာသွင်ပြင်တူသူတွေဟာ ခရီးဆောင်အိတ်တွေနဲ့ တက္ကစီကားဂိတ်မှာ တဝဲလည်လည် ဖြစ်နေကြတယ်၊ တချို့ကလည်း ကားပေါ် တက်သွားကြပြီလို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်း နယ်စပ်တလျှောက်မှာတော့ BGF နယ်ခြားစောင့်တပ်သားတချို့ ကင်းလှည့်နေကြတယ်၊  BGF ခေါင်းဆောင်က အရင်သူတို့ အကာအကွယ်ပေးထားတဲ့ ကျားဖြန့် လုပ်ငန်းတွေကို အပြတ်နှိမ်နင်းမယ့်အကြောင်း ကြေညာလိုက်တာနဲ့  ရွှေကုက္ကိုမြို့က လူတချို့ဟာ မနေ့ညကတည်းက ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး လှေဆိပ်နဲ့ တောလမ်းကြောင်းတွေမှာလည်း အထုပ်အပိုးနဲ့ လူတွေ တွေ့ရတယ်၊ ဒါပေမဲ့ ထိုင်းဘက်ခြမ်းကို ကူးလာလို့မရဘူးလို့ ဆိုပါတယ်။ 

ထိုင်းတာဝန်ရှိသူတွေကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ ကာကွယ်ဖို့အတွက် နေရာတိုင်းကို စောင့်ကြပ်နေတယ်။  BGF ရဲ့ ဒီတကြိမ် ကြေညာမှုနောက်ပိုင်းမှာ တဖက်နိုင်ငံက တရားမဝင် ဝင်လာသူတွေ မရှိသေးဘူး၊ ပြီးခဲ့တဲ့တခေါက်လို  အစုလိုက်အပြုံလိုက် ဝင်‌ရောက်လာမှု ကာကွယ်ဖို့  မြန်မာဘက်ခြမ်းက တာဝန်ရှိသူတွေနဲ့  ချိတ်ဆက် ဆောင်ရွက်နေတယ်၊ ဝင်လာပါက အရေအတွက်၊ နိုင်ငံသားနဲ့ သူတို့ ကိုယ်ရေးအကျဉ်းတွေ စနစ်တကျ ကောက်ယူဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက မြဝတီဘက်ခြမ်း KK Park ရှိ ကျားဖြန်နှိမ်နင်းရေးမှာ တရုတ်အများစုပါတဲ့ နိုင်ငံခြားသားပေါင်း ၂,၀၀၀ လောက် ထွက်ပြေးခဲ့ကြတယ်ပြီး အဲဒီထဲက ထိုင်းဘက်ခြမ်းကို ၁,၅၉၈ ဦး ရောက်လာကြတယ်။

နိုင်ငံပေါင်း ၂၈ နိုင်ငံကဖြစ်ပြီး သူတို့တွေကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဌာနမှာ စိစစ်ကာ သက်ဆိုင်ရာ မိခင်နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ပြန်ပို့ပေးနေတာမှာ လက်ရှိချိန်ထိ လူ ၁,၂၀၀ ကျော် ပြန်ပို့ခဲ့ပြီလို့  The Reporters သတင်းမှာ ဖော်ပြပါတယ်။ 

Source: The Reporters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013