Home
မြန်မာသတင်း
ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များ ရွှေကုက္ကိုတွင် မရှိဟု BGF ပြော
DVB
·
November 21, 2025

ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ အနေနဲ့ ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှု လုပ်ငန်းတွေမှာ အစုရှယ်ယာပါဝင်တာ၊ အကျိုးအမြတ်ခွဲဝေယူတာ မရှိသလို ကျားဖြန့် ထိပ်ပိုင်းခေါင်းဆောင်တွေလည်း နယ်မြေထဲမှာ မရှိဘူးလို့ BGF တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။

ဖမ်းဆီးထားတဲ့ ကျားဖြန့်တွေထဲမှာ ထိပ်ပိုင်းခေါင်းဆောင်တွေရှိသလား၊ အရေးယူဖို့ ရှိပါသလားလို့ နိုဝင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်ကမေးရာမှာ BGF ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ထိပ်ပိုင်းခေါင်းဆောင်တွေ မရှိကြောင်း၊ အဲဒီခေါင်းဆောင်တွေက သူတို့အတွက် လုံခြုံမှုရှိတဲ့ အာမခံရှိတဲ့ နိုင်ငံတခုခုမှာ နေနေကြလိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ကျားဖြန့်သူ‌ဌေးတွေက ဒီမှာမရှိပါဘူး။ သူ့ဘာသူ ဇိမ်ခံကောင်းတဲ့မြို့တော်မှာ လုံခြုံမှု အာမခံချက်ရှိတဲ့ နေရာတွေမှာပဲ ရှိပါတယ်။ လက်ရှိမှာ ဖမ်းဆီးထားသူတွေကို စိစစ်နေတယ်။ သူဌေးမဟုတ်ပေမဲ့ တာဝန်ရှိသူဆိုရင်လည်း အရေးယူရမှာဖြစ်တယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်ကစပြီး နေ့စဉ် စစ်တပ်၊ ရဲနဲ့ BGF တပ်တွေက ရွှေကုက္ကိုမြို့သစ်ရှိ ကျားဖြန့်ဂိုဏ်းတွေကို စီးနင်းပြီး ဖမ်းဆီးပြနေပေမဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေနဲ့ တရုတ်သူဌေးတွေကို ကြိုတင် နေရာရွှေ့ထားပြီးမှ ဟန်ပြဖမ်းနေတာလို့ ဝေဖန်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

BGF အနေနဲ့ လုပ်ငန်းရှင်တွေကို မြေကွက်ငှားရမ်းပေးခြင်းသာဖြစ်ပြီး အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာ မရှိဘူးလို့ စွပ်စွဲချက်တွေကို ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ငြင်းဆိုသွားပါတယ်။

“ဒီ Scammer  (ငွေလိမ်) လုပ်ငန်းထဲမှာ ရှယ်ယာထည့်ဝင်ထားခြင်း လုံးဝမရှိဘူး။ ဒီလိမ်တဲ့ထဲက ပိုက်ဆံတွေ ရှယ်ယာခွဲယူတာတွေ မရှိဘူး။ ရိုးသားစွာနဲ့ပဲ ဒီမြေကြီးပေါ်မှာပဲ အဆောက်အအုံငှားတာ၊ အခုစွပ်စွဲနေတဲ့လူတွေ ကိုယ်တိုင်က‌ရော သူတို့အိမ်တလုံးကို သူတို့ငှားလိုက်တယ်၊ ဒီအိမ်ထဲမှာ ငှားထားတဲ့လူက ဆေးလိပ်သောက်နေလား၊ ထမင်းစားနေလား၊ ဘာလုပ်နေလဲဆိုတာ သူတို့ကိုယ်တိုင် သိနိုင်မှာမဟုတ်ဘူး။ ကျနော်တို့လည်း  ထိုနည်းလည်းကောင်းပဲ။ အဲတော့  လက်ရှိ ကျနော်တို့ BGF တပ်ဖွဲ့သည် ဒီ Scammer တွေနဲ့ ပတ်သက်လို့ ကျနော်တို့မှာ အပြစ်မရှိဘူးလား၊ အိမ်ရှင်ဖြစ်တဲ့အတွက်တော့ အပြစ်ရှိပါတယ်။ ကိုယ်တိုင်ကိုယ်ကျ စိတ်ရော ကိုယ်ပါ ဒီဂိုဏ်းတွေနဲ့ ပတ်သက်တာမျိုး လုံးဝမရှိပါဘူး။”

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အွန်လိုင်းလိမ်လည်တဲ့ လုပ်ငန်းတွေဟာ တဖက်နိုင်ငံကနေ တဆင့်ဝင်လာတဲ့ နိုင်ငံခြားသားတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နယ်ခြားစောင့်တပ်အမည်ခံ တပ်ဖွဲ့တွေနဲ့ ဝင်ရောက်လုပ်ကိုင်နေတာလို့  နိုဝင်ဘာ ၁၈ ရက် သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အွန်လိုင်းလိမ်လည်တဲ့ နိုင်ငံခြားသားတွေဟာ ၉၉ ဒသမ ၅ ရာခိုင်နှုန်း လောက်က တဖက်နိုင်ငံကနေတဆင့် မြန်မာနိုင်ငံထဲကို ကူးပြောင်းရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီနယ်မြေမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ မြဝတီမြို့နဲ့ အလှမ်းကွာဝေးတဲ့ ခုနက နယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင် EAOs၊ KNU၊ KNLA အဖွဲ့၊ ပြီးရင် NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တချို့သော EAO အဖွဲ့တွေ၊ ပြီးရင် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံ တပ်ဖွဲ့တွေ ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီးလည်း ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “နိုင်ငံတော်ကတော့ BGF အမည်ခံလို့ သုံးနှုန်းထားတာ ကျေးဇူးတင်တယ်၊ ခွဲပြီးတော့ မြင်တာဖြစ်လို့ အများကြီး ကျေးဇူးတင်ပါတယ်” လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အများပြောနေကြသလို စစ်တပ်၊ ရဲနဲ့ BGF တို့ပေါင်းပြီး ကြိုတင်ဇာတ်တိုက် သရုပ်ဆောင်ပြနေတာ မဟုတ်ဘဲ စစ်ခေါင်းဆောင်ရဲ့ စေခိုင်းမှုနဲ့ လုပ်ဆောင်နေတာလို့လည်း BGF ပြောခွင့်ရသူက ဆက်ပြောပါတယ်။

အခုဆိုရင် ၃ ရက်ဆက်တိုက် ဖမ်းဆီးမှုတွေအတွင်း ကျားဖြန့်အဆောက်အအုံ  ၂၂ လုံးကို စီးနင်းခဲ့ပြီး တရုတ်အပါအဝင် ၁၄ နိုင်ငံက နိုင်ငံခြားသား ၉၆၀ ကျော်ကို ဖမ်းမိထားကာ ကွန်ပြူတာ ၂,၆၅၃ လုံး၊ တယ်လီဖုန်း အလုံးပေါင်း ၂၀,၀၀၀ ကျော်ကို ဖမ်းမိထားကြောင်းလည်း BGF ပြောခွင့်ရသူက ပြောသွားပါတယ်။

ကျားဖြန့်နှိမ်နင်းရေးကို ဒီတကြိမ် နောက်ဆုံး အပြတ်နှိမ်နင်းနေတာဖြစ်ပြီး ရှိလာရင်လည်း ဆက်လက်နှိမ်နင်းသွားမယ်လို့  ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသွားပါတယ်။

BGF က ကျားဖြန့်တွေကို အပြတ်နှိမ်နင်းမယ်လို့ ကြေညာထားတာကြောင့် ကျားဖြန့်လုပ်သားတချို့  ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက်နေကြပြီး ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။

အမေရိကန်က ကျားဖြန့်နှိမ်နင်းရေးတပ်ဖွဲ့ ဖွဲ့စည်းပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက် အရေးယူသွားမယ်လို့ ကြေညာလိုက်ပြီးနောက်မှာ မြန်မာနိုင်ငံ မြဝတီဘက်မှာ ကျားဖြန့်လုပ်ငန်းတွေကို စီးနင်းဖမ်းဆီးမှုတွေ ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF/KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သား ၂ ယောက်ဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ် တို့အပြင် DKBA ခေါင်းဆောင် ၄ ယောက်ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။

ဒါ့အပြင် အမေရိကန် တရားရေးဌာနက FBI တို့နဲ့ ပူးပေါင်းပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်း လိမ်လည်မှုစင်တာတွေကို နှိမ်နင်းဖို့ “Scam Center Strike Force” ဆိုတဲ့ အထူးတပ်ဖွဲ့တခုလည်း ဖွဲ့စည်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013