
ရခိုင်ပြည်နယ်၊ မောင်တောမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆေးကုသဖို့သွားတဲ့ အမျိုးသမီး ၂ ယောက်အပါအဝင် စုစုပေါင်း ၈ ယောက်ကို ARSA ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မောင်တောမြို့ခံ ၅ ယောက်နဲ့အတူ ဒိုင်းနက်လူမျိုး လမ်းပြ ၃ ယောက် စုစုပေါင်း ၈ ယောက်ဟာ ဇန်နဝါရီ ၄ ရက် ညနေ ၄ နာရီလောက်က ရခိုင်-ဘင်္ဂလားနယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ ရွာတော်ခရိုင်၊ နတ်ချောင်းဆရီမြို့နယ် နယ်ခြား မှတ်တိုင် (PB -42) အနောက်ဘက် တနေရာမှာ ARSA ရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးတာကို ခံခဲ့ရတာလို့ ဆိုပါတယ်။
မောင်တောဒေသခံအမျိုးသားတယောက်က “အကုန်လုံးဖမ်းပြီး၊ ယောကျ်ားကြီး ၅ ယောက်ကို ကြိုးတုပ်တယ်၊ ပြီးတော့ ဆေးကုဖို့ပါလာတဲ့ ငွေတွေ၊ ရွှေတွေအကုန်သိမ်းယူတယ်၊ ဘင်္ဂလားဒေရှ့်ဘက် တောကို ခေါ်သွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရပြီးနောက် တောင်ကုန်းတနေရာမှာ ထားစဉ် ညတွင်းချင်း အမျိုးသား ၅ ယောက် ထွက်ပြေးခဲ့ကြရာ ဇန်နဝါရီ ၅ ရက် မနက်မှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေကို ရောက်ရှိလာတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရစဉ် ARSA အဖွဲ့က ရိုက်နှက် နှိပ်စက်ခဲ့ပြီး ပါလာတဲ့ ငွေသား၊ လက်ဝတ်ရွှေထည် တို့ကိုလည်း သိမ်းယူသွားတယ်လို့ လွတ်မြောက်လာတဲ့ အမျိုးသားတွေရဲ့ ပြောကြားချက်အရ သိရတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ကျနော်တို့သိ ရသလောက်ကတော့ ဖမ်းယူသွားတဲ့ခါ၊ တလမ်းလုံး အမျိုးသမီးပါ၊ အမျိုးသားပါ နှိပ်စက်တယ်။”
ဒေါ်စိုးစိုးခိုင် (၃၈ နှစ်)၊ ဒေါ်သန္တာစိုး (၃၂ နှစ်) နဲ့ မောင်ဝေယံလင်း (၉ နှစ်)တို့ကတော့ ARSA အဖွဲ့ရဲ့ ဆက်လက်ဖမ်းဆီးခံထားရတာကြောင့် အသက်အန္တရာယ်အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ မောင်တောမြို့ခံအမျိုးသားတယောက်က ပြောပါတယ်။
အာရက္ခတပ်တော်ကလည်း အခင်းဖြစ်သွားတဲ့ နေရာပတ်ဝန်းကျင်တွေကို စစ်ကြောင်းထိုး ရှာဖွေနေတယ်လို့ သိရပါတယ်။


