
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထက်ကျီးကျွန်းမှာရှိတဲ့ အာရက္ခတပ်တော်ရဲ့ နယ်စပ်တပ်စခန်းတခုကို မွတ်ဆလင် လက်နက်ကိုင်တပ်တွေက တိုက်ခိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) တပ်စခန်းတခုအနီးကို ထွက်ပြေးသွားကြတယ်လို့ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသဖြစ်တဲ့ အထက်ကျီးကျွန်း မိုင်တိုင် ၂၀/၂၁ ကြားမှာရှိတဲ့ နယ်စပ်တပ်စခန်းငယ်တခုကို အင်အား ၁၀ ယောက်လောက် ပါတဲ့ မွတ်ဆလင် လက်နက်ကိုင်တွေက လက်နက်ငယ်တွေ၊ 40 MM(79) တွေနဲ့ မိနစ်အနည်းငယ် အလစ်အငိုက် ချုံခိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အာရက္ခတပ်တော်က လိုက်လံ တိုက်ခိုက်ရာမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် (BGB) တပ်စခန်းတခုအနီးကို ဝင်ရောက်သွားကြတယ်လို့ အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မွတ်ဆလင် လက်နက်ကိုင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းက ဖြတ်ကျော်ဝင်ရောက်ပြီး အလစ်အငိုက်၊ ချောင်းမြောင်း တိုက်ခိုက်တဲ့ လုပ်ရပ်တွေဟာ အကျင့်ပျက် BGB တပ်မှူးတွေက မသိကျိုးကျွန်ပြုပြီး အကြမ်ဖက်သမားတွေကို အားပေးအားမြှောက်ပြုနေသလို ဖြစ်နေတာကြောင့် နယ်စပ်တည်ငြိမ်ရေးနဲ့ ရှိနှင့်ပြီးသားနဲ့ တည်ဆောက်နေကြတဲ့ ယုံကြည်မှုကို ဆုတ်ယုတ်စေတဲ့ နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်တယ်လို့ AA ကဆိုထားပါတယ်။
အာရက္ခတပ်တော်ရဲ့ နယ်စပ်ရှိတပ်စခန်းကို တိုက်ခိုက်ခဲ့တာဟာ မွတ်ဆလင်လက်နက်ကိုင်တပ် (ARA) က သူတို့အဖွဲ့ တိုက်ခိုက်ခဲ့လို့ ဗီဒီယိုဖိုင်နဲ့တကွ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်ထားခဲ့ပါတယ်။
မွတ်ဆလင် လက်နက်ကိုင်တပ် (ARA) အဖွဲ့ဟာ ကျီကျွန်းမှာ အခြေပြုပြီး အာရက္ခတပ်တော်ရဲ့ တပ်စခန်းတွေကို မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ တောင်ပြို မြို့ခံအမျိုးသားတယောက်က ပြောပါတယ်။
“ARA က ကျီးကျွန်းမှာ လှုပ်ရှားတဲ့အဖွဲ့ ဖြစ်တယ်။ ARSA က မိုင်တိုင် ၅၀ ပတ်ဝန်းကျင်နဲ့ မေယုတောင်ကြောမှာ လှုပ်ရှားကြတာ။ ဟိုနေ့က ကျီးကျွန်းဘက်ကမှာ ARA ဘက်က တိုက်ခိုက်တာလို့ သိရတယ်။ အထိအခိုက်တော့ မရှိကြဘူးလို့ ကြားတယ်။ ကျီးကျွန်းက နယ်စပ်မျဉ်းမှာရှိတာဆိုတော့ ဘင်္ဂလားဘက်ကို ထွက်ပြေးကြလို့ရတော့ ဒီဘက်က လိုက်ရှင်းဖို့က နည်းနည်း အခက်အခဲရှိနိုင်တယ်။”
မောင်တောမြောက်ပိုင်းမှာ ARSA၊ RSO၊ အစ္စလာမ္မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့ဝင်တွေက အခုလို အလစ်အငိုက် တိုက်ခိုက်တာတွေ အပါအဝင် အရပ်သား ပြည်သူလူထုတွေကို ချုံခိုတိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာတွေကို ပြုလုပ်နေတာဟာ ကြိမ်ဖန်များစွာ ရှိခဲ့ပြီလို့ AA က ပြောထားပါတယ်။
မွတ်ဆလင် လက်နက်ကိုင်တပ်တွေဟာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ချုံခို တိုက်ခိုက်တာတွေကြောင့် ဒေသခံ ၅၀ ထက်မနည်းဟာ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြတဲ့ မွတ်ဆလင် လက်နက်ကိုင်တွေဟာ စစ်ကောင်စီနဲ့ မဟာမိတ်တွေ ဖြစ်ကြပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်း ကူညီမှုကို ရရှိနေကြတဲ့ အဖွဲ့တွေလည်း ဖြစ်ကြပါတယ်။


