
ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ပြီး ငါးခိုးဖမ်းမှုတွေ ပြုလုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတွေကို အာရက္ခတပ်တော် (AA) က ဆက်တိုက်ဖမ်းဆီးနေတယ်လို့ AA ကမ်းခြေစောင့်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက်က ရခိုင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၁၆ ယောက်ကို မောင်တောမြို့နယ်၊ သဝင်ချောင်းရွာဟောင်းအနီးနဲ့ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာ အနီးတို့မှာ ဆက်တိုက် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၂ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်နဲ့ ချိန်ခါလီကျေးရွာ အနီးရှိ ရခိုင်ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁ ယောက်ကို ငါးဖမ်းစက်လှေ ၅ စင်းနဲ့ အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ AA ကမ်းခြေစောင့်တပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အာရက္ခကမ်းခြေစောင့်တပ်က ရခိုင်ရေပိုင်နက်အတွင်း ကမ်းလှည့်တာတွေ၊ ရခိုင်ဒေသခံ ငါးဖမ်းသမားတွေကို အကာအကွယ်ပေးနေတာတွေကို နေ့တိုင်း ဆောင်ရွက်ပေးနေတာရှိတယ်။ ရခိုင်ရေပိုင်အတွင်း တရားမဝင် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကိုလည်း ဖမ်းဆီးထားတာတွေ ရှိတယ်။ အထူးသဖြင့် တရားမဝင် ရေပိုင်နက်ကျူးကျော်မှုတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ ထိထိရောက်ရောက် ဆောင်ရွက်နေတယ်။ ခိုးဝင် ငါးဖမ်းသမားတွေကို တရားဥပဒေအရ ထိန်းသိမ်းစစ်ဆေးနေတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ရခိုင်ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက် ငါးဖမ်းမှုတွေကြောင့် ဖမ်းဆီးခံရသူတွေကို အစောပိုင်းက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံ လွှဲပြောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ လွှဲပြောင်းပေးခြင်း မရှိတော့ဘဲ အရေးယူမှုတွေ ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ဒ့ါအပြင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေဟာ အုပ်စုဖွဲ့ပြီး ရခိုင်ဒေသခံ ငါးဖမ်းသမားတွေကို အနိုင်ကျင့်သလို စက်တင်ဘာလအတွင်းကလည်း AA ရဲ့ တပ်ခြေစောင့်တပ် အရာရှိတယောက်နဲ့ တပ်ဖွဲ့ဝင်တယောက်ကို သတ်ဖြတ်ခဲ့ကြပါတယ်။


