
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာမယ့်နှစ် ဖေဖော်ဝါရီလမှာကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက် ပွဲတွေနဲ့အတူ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအတွက် “ဇူလိုင်လ ပဋိညာဉ်စာတမ်း” ကို အကောင်အထည်ဖော်ဖို့ ဆန္ဒခံယူပွဲ တခုကို ကျင်းပမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရရဲ့ အကြီးတန်းအကြံပေး မိုဟာမက်ယူနွတ်စ်က နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ယူနွတ်စ်က တနိုင်ငံလုံးကို ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာမှာ အစိုးရအနေနဲ့ ရွေးကောက်ပွဲ တွေကို လွတ်လပ်ပြီး တရားမျှတကာ ပူးပေါင်းပါဝင်မှု ရှိစေဖို့ လိုအပ်တဲ့ အဆင့်တွေအားလုံးကို လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
“ဖေဖော်ဝါရီလရဲ့ ပထမ ကာလမှာပဲ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွေကို ကျင်းပမှာဖြစ်ပြီး ဆန္ဒခံယူပွဲကိုလည်း တရက်တည်းမှာပဲ အတူတူကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက် မဖြစ်စေပဲ ရွေးကောက်ပွဲကို ပိုသက်ဝင်စေပြီး ကုန်ကျစရိတ်လည်း သက်သာစေမယ်”လို့ ပြောပါတယ်။
ဆန္ဒခံယူပွဲ ကျင်းပဖို့ လိုအပ်တဲ့ဥပဒေတွေကိုလည်း သင့်လျော်တဲ့အချိန်မှာ ပြဋ္ဌာန်းသွားမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေဟာ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်ကို လက်ခံ လိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း ယူနွတ်စ်က ပြောသွားပါတယ်။
ကြာသပတေးနေ့ အစောပိုင်းမှာ ယာယီအစိုးရအဖွဲ့ဟာ ဇူလိုင်လ အမျိုးသားပဋိညာဉ်စာတမ်း (ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး) အကောင်အထည်ဖော်ရေးအမိန့် ၂၀၂၅ ကို အတည်ပြုခဲ့ပြီး အဲဒါဟာ ဆန္ဒခံယူပွဲ ရလဒ်ပေါ် မူတည်ပြီး အသက်ဝင်လာမှာဖြစ်ပါတယ်။
ပဋိညာဉ်စာတမ်းဟာ နိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ အဖွဲ့အစည်းတွေကို ပြန်လည်ပုံဖော်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး မနှစ်က လူထုအုံကြွမှုအပြီးမှာ ရေးဆွဲထားတာဖြစ်ပါတယ်။
ထောက်ခံသူတွေကတော့ ဒီပဋိညာဉ်စာတမ်းဟာ ရေရှည်အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွက် အခြေခံအုတ်မြစ်ချပေးတာလို့ဆိုကြပြီး ဝေဖန်သူတွေကတော့ သူ့ရဲ့သက်ရောက်မှုက ဥပဒေမူဘောင် သို့မဟုတ် လွှတ်တော်သဘောတူညီချက် မရှိရင် သရုပ်ပြသက်သက် ဖြစ်သွားနိုင်တယ်လို့ ငြင်းခုံကြပါတယ်။
ယူနွတ်စ်ကတော့ ဒီအစီအမံတွေဟာ “ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ်” တည်ဆောက်မယ့် ခြေလှမ်း တရပ်ကို အမှတ်အသားပြုတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source:Reuters


