Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာစီနာအမှု နိုဝင်ဘာ ၁၃ ရက် ဆုံးဖြတ်ချက်ချနိုင်
DVB
·
November 11, 2025
Photo: REUTERS/Wolfgang Rattay/File Photo

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်တွင်း စစ်ရာဇဝတ်မှုတရားရုံးဖြစ်တဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICT) ဟာ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက ကျောင်းသားဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းမှုနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံထားရသူဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့အမှုကို နိုဝင်ဘာ ၁၃ ရက်မှာ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။ 

ကုလသမဂ္ဂအစီရင်ခံစာတခုအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅ ရက်မှ သြဂုတ် ၅ ရက်အထိ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၁၄၀၀ အထိ သေဆုံးခဲ့ရဖွယ်ရှိပါတယ်။ 

၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဆိုးရွားဆုံး အကြမ်းဖက်မှု အတွင်း လူထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သေနတ် ပစ်ခတ်မှုကြောင့် ဖြစ်ပါတယ်။ 

ရှိတ်ခ်ဟာစီနာဟာ လုံခြုံရေးအေဂျင်စီတွေက စီမံခန့်ခွဲတဲ့ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းတွေမှတဆင့် အတိုက်အခံလှုပ်ရှားသူတွေကို အတင်းအကျပ် ဖျောက်ဖျက်ပစ်ခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကို ကြီးကြပ်ခဲ့တယ်လို့လည်း အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

ဟာစီနာ ကတော့ စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး သူဟာ လူတွေသေဆုံးခဲ့ရတဲ့ အင်အားအသုံးပြုမှုတွေနဲ့  တခြားစွပ်စွဲချက်တွေမှာ သူကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ 

ဟာစီနာဟာ ၂၀၂၄ ခုနှစ် ဩဂုတ်က ကျောင်းသားတွေဦးဆောင်တဲ့ ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီးနောက်မှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ပြီးကတည်းက အမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဇူလိုင်လတုန်းကတော့ ဟာစီနာကို တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ICT က မျက်ကွယ်မှာ ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ 

နိုဘယ်လ်ဆုရှင် မိုဟာမက် ယူးနပ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရဟာ ဟာစီနာရဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက ကျောင်းသားတွေ ဦးဆောင်တဲ့ အုံကြွမှုကို နှိမ်နင်းမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဂတိလိုက်စားမှုတွေအတွက် ဟာစီနာ အပါအဝင် ခေါင်းဆောင်တွေကို တာဝန်ယူ တာဝန်ခံစေဖို့ ကတိပြုခဲ့ပါတယ်။ 

တရားရုံးကလည်း ဇူလိုင်လ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ဟာစီနာအတွက် ဖမ်းဝရမ်း ၃ ခု ထုတ်ပြန်ထားပါတယ်။ 

ဟာစီနာရဲ့ အဝါမီလိဂ်ပါတီဟာ ပိတ်ပင်ခံထားရဆဲဖြစ်ပြီး ပါတီနဲ့ သူ့အရင် ခေါင်းဆောင်ဟောင်း တွေအပေါ် ရုံးတင်စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

ဟာစီနာကို ထောက်ခံသူတွေကတော့ ဒီစွဲချက်တွေကို နိုင်ငံရေးအရ လှုံ့ဆော်မှုအဖြစ် ပယ်ချ ခဲ့ပေမဲ့ ကြားဖြတ်အစိုးရကတော့ တာဝန်ခံမှုကို ပြန်လည်ထူထောင်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် ရုံးတင်စစ်ဆေးမှုတွေက အရေးကြီးကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013