
အီကွေဒေါနိုင်ငံဟာ ကျူးဘားသံအမတ်ကြီး ဘာစီလီယို ဂူတီယာရက်ဇ်နဲ့ သူ့ရဲ့ သံတမန်အဖွဲ့ဝင်တွေကို “လက်ခံယုံကြည်နိုင်မှု မရှိတဲ့ပုဂ္ဂိုလ်” အဖြစ် မတ် ၄ ရက်က ကြေညာလိုက်ပြီး ၄၈ နာရီအတွင်း နိုင်ငံအတွင်းက ထွက်ခွာဖို့ အမိန့်ပေးလိုက်ပါတယ်။
သမ္မတ ဒန်နီယယ် နိုဘိုအာ အစိုးရက ဘာကြောင့် အခုလို ဆုံးဖြတ်ရသလဲ ဆိုတာကို အသေးစိတ် ရှင်းလင်းခြင်း မရှိပေမဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၉ ကို ကိုးကားပြီး အရေးယူခဲ့တာ ဖြစ်ပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီလုပ်ရပ်ဟာ “တရားမျှတမှုမရှိဘဲ စိတ်ထင်တိုင်းလုပ်ဆောင်တဲ့ လုပ်ရပ်” ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပြီး ဒါဟာ နှစ်နိုင်ငံကြား သမိုင်းဝင်ဆက်ဆံရေးကို ထိခိုက်စေတဲ့ “မိတ်ဖက်မဟုတ်တဲ့ လုပ်ရပ်” ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုလို နှင်ထုတ်တာဟာ မကြာခင် မိုင်ယာမီမှာကျင်းပမဲ့ ဒေသတွင်းအစည်းအဝေး မတိုင်ခင် အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် ဖြစ်နိုင်တယ်လို့လည်း ကျူးဘားဘက်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ကျူးဘားအစိုးရကတော့ လာမဲ့သီတင်းပတ်ကုန် မိုင်ယာမီမြို့မှာ ကျင်းပမဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ အမေရိကန်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ဒီဆုံးဖြတ်ချက် ထွက်လာတာ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
လက်ရှိမှာတော့ အီကွေဒေါမြို့တော် ကီတိုရှိ ကျူးဘားသံရုံး အပြင်ဘက်မှာ ရဲနဲ့ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေတာကို တွေ့ရပါတယ်။
အီကွေဒေါအစိုးရဘက်ကတော့ ဒီလုပ်ရပ်ဟာ ကျူးဘားနဲ့ သံတမန်ဆက်ဆံရေး အပြီးတိုင် ဖြတ်တောက်တာမျိုး ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
အီကွေဒေါအတိုက်အခံ လူထုတော်လှန်ရေးပါတီမှ လွှတ်တော်အမတ် ဟက်တာ ရိုဒရီဂတ်ဇ် ကတော့ ဒီလိုဆုံးဖြတ်ချက်တွေဟာ လက်တင်အမေရိကနိုင်ငံတွေကြား ပေါင်းစည်းမှုကို ထိခိုက်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
အီကွေဒေါနဲ့ ကျူးဘား ၂ နိုင်ငံဟာ ဘာသာစကား၊ ယဉ်ကျေးမှု တူညီရုံသာမက ကမ္ဘာကို အမြင်မှာလည်း တူညီမှုရှိပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ပေါင်း ၁၅၀ ကျော် ရှိနေပြီလို့ ပြောပါတယ်။
Source: Reuters


