Home
နိုင်ငံတကာ
ကျူးဘားတွင် အစိုးရဆန့်ကျင်ရေးဆိုင်းဘုတ် ပြုလုပ်သည့် ပနားမားနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
March 3, 2026
Photo: CUBA GOVERNMENT TV / REUTERS

ကျူးဘားပြည်ထဲရေးဝန်ကြီးဌာနဟာ အစိုးရဆန့်ကျင်ရေး စာသားအကြောင်းအရာတွေပါတဲ့ ဆိုင်းဘုတ်တွေ လုပ်ခဲ့တယ်ဆိုပြီး ပနားမားနိုင်ငံသား ၁၀ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ကျူးဘားပြည်ထဲရေးဝန်ကြီးဌာနက မတ် ၂ ရက်မှာ ပြောပါတယ်။

ဒီလူတွေကို အမည်မဖော်လိုတဲ့ နောက်ကွယ်က လူအုပ်စုတချို့က ကျူးဘားမှာ ဆူပူနှောင့်ယှက်မှုတွေလုပ်ဖို့ ပိုက်ဆံပေးပြီး ပနားမားကနေ စေလွှတ်လိုက်တာလို့ သတင်းထုတ် ပြန်ပါတယ်။

ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ ဒီလူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့၊ ဆူပူလှုံ့ဆော်မှုတွေပါတဲ့ ဆိုင်းဘုတ်တွေပြုလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကျူးဘားနိုင်ငံထဲကို ဝင်ရောက်လာဖို့ စေခိုင်းခံရတာလို့ ကျူးဘားအစိုးရ ရုပ်သံသတင်းမှာ တင်ဆက်သွားပါတယ်။

သူတို့လုပ်ငန်းပြီးသွားရင် နိုင်ငံကနေ ပြန်ထွက်ပြီး ပနားမားကို ပြန်ရောက်တဲ့အခါ တယောက်ကို ဒေါ်လာ ၁,၀၀၀ ကနေ ၁,၅၀၀ ကြား ရရှိမယ်လို့ ကတိပေးထားကြောင်းလည်း ဆိုပါတယ်။

အဖမ်းခံရသူတွေက သူတို့လုပ်ခဲ့တာတွေကို ဝန်ခံထားပြီးဖြစ်သလို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။

ဒီဖမ်းဆီးမှုကို ဖေဖော်ဝါရီ ၂၈ ရက်မှာ လုပ်ခဲ့တာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့အပတ်က ကျူးဘားအစိုးရ ကြေညာထားတဲ့ အစိုးရဆန့်ကျင်ရေး ကြိုးပမ်းမှုတခုရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။

အဲဒီတုန်းကတော့ လက်နက်အပြည့်အစုံနဲ့ ပြည်ပရောက် ကျူးဘားလူမျိုးတွေဟာ စပိဘုတ်နဲ့ ကျူးဘားနိုင်ငံထဲကို ခိုးဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ပင်လယ်ပြင်မှာ ကျူးဘားတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ ကျူးကျော်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရကာ ဖမ်းဆီးခံထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဟာဗားနားမြို့မှာရှိတဲ့ ပနားမားသံရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး‌။

အခုလို လွတ်လပ်စွာ ထုတ်ဖော်ခွင့်အပေါ် ကန့်သတ်ချက်တွေဟာ ကွန်မြူနစ်အစိုးရအပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ရတဲ့ အကြောင်းရင်းတွေထဲက တစိတ်တပိုင်း ဖြစ်တယ်လို့ ပြည်ပရောက် ကျူးဘားလူမျိုးတွေက နှစ်ပေါင်းများစွာ ပြောဆိုလာခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013