
လောင်စာဆီပြတ်နေတာကြောင့် အမှိုက်ကားတွေ မထွက်နိုင်ဘဲဖြစ်နေတဲ့ ကျူးဘားနိုင်ငံမြို့တော် ဟာဗားနားက လမ်းထောင့်တွေမှာ အမှိုက်တွေ စုပုံလာပြီး ယင်ကောင်အုပ်လိုက်တွေနဲ့ ပုပ်သိုးနေတဲ့ အစားအစာတွေရဲ့ အနံ့ဆိုးတွေ ထွက်နေပါတယ်။
ကာရစ်ဘီယံရဲ့ အကြီးဆုံးကျွန်းဆီ ရေနံတွေ မရောက်စေရေး အမေရိကန် ကြိုးပမ်းချက်ရဲ့ အထင်ရှားဆုံး သက်ရောက်မှုတွေထဲက တခု ဖြစ်လာပါတယ်။
အခုလထဲမှာ လောင်စာဆီ ပြတ်လပ်မှုကြောင့် ဟာဗားနားရဲ့ အမှိုက်ကား ၁၀၆ စီးအနက် ၄၄ စီးသာ အလုပ်လုပ်နိုင်လို့ အမှိုက်သိမ်းမှု နှေးကွေးသွားတယ်လို့ အစိုးရပိုင် ကျူးဘား ဒီဘိတ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပင်လယ်ကမ်းနားမြို့တော်တလျှောက် လမ်းထောင့်တွေမှာ ကတ်ထူပုံးတွေ၊ သုံးပြီးသားအိတ်တွေ၊ ပလတ်စတစ်ပုလင်းတွေနဲ့ အဝတ်စတွေ စုပုံနေပြီး ဒေသခံတချို့က ပြန်သုံးနိုင်တဲ့ အမှိုက်တွေကို ရှာနေကြပါတယ်။
မော်တော်ယာဉ်မောင်းတွေ၊ လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်စီးသူတွေဟာ အဲဒီအမှိုက်ပုံတွေကို ရှောင်ကွင်း သွားလာနေရပါတယ်။
“မြို့တမြို့လုံးမှာ အမှိုက်တွေ ပြန့်ကျဲနေတယ်” လို့ ဒေသခံ ဟိုဆေး ရာမွန် ခရုဇ်က ပြောပါတယ်။
လူဦးရေ ၁၁ သန်းလောက်နေတဲ့ ကျွန်းပေါ်က တခြားမြို့တွေမှာ ဒေသခံတွေဟာ ပြည်သူ့ကျန်းမာရေးအတွက် အန္တရာယ်တွေကို သတိပေးဖို့ လူမှုမီဒီယာတွေကို သုံးခဲ့ကြပါတယ်။
ကျူးဘား ကွန်မြူနစ်အစိုးရက အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ အပြင်းအထန် ပြတ်လပ်နေတဲ့ နိုင်ငံမှာ မရှိမဖြစ်လိုတဲ့ ဝန်ဆောင်မှုတွေကို ကာကွယ်ဖို့ ရိက္ခာခွဲတမ်းချခြင်း အစီအမံတွေကို အကောင်အထည်ဖော်ခဲ့ပါတယ်။
တနိုင်ငံလုံးကို ရေနံထောက်ပံ့မှုဟာ နှစ်လအတွင်း သိသိသာသာ ကျဆင်းသွားခဲ့တာပါ။ အမေရိကန်က ၁၉၆၀ ခုနှစ်ကစပြီး ကျူးဘားအပေါ် ပိတ်ဆို့မှုကို ဆက်ထားခဲ့ပေမဲ့ မကြာသေးမီလတွေအတွင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က ဒီရပ်တည်ချက်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
ကျူးဘားကျွန်းဆီ ရေနံတင်ပို့တဲ့ သင်္ဘောတွေကို ပိတ်ဆို့ပြီး ပေးသွင်းသူတွေအပေါ် အခွန်ကောက်တဲ့နည်းနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။
Source: Reuters


