
အီရန်စစ်ပွဲကြောင့် စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်နေချိန်မှာ ရုရှားက ဥရောပကို ဓာတ်ငွေ့ ပံ့ပိုး နေတာတွေ ချက်ချင်းရပ်ပစ်နိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ် ၄ ရက်မှာ သတိပေး လိုက်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့သလို အီရန်ကလည်း ပင်လယ်ကွေ့နိုင်ငံတွေက ရန်သူ့ ပစ်မှတ်လို့ ယူဆတဲ့နေရာတွေအပေါ် တုံ့ပြန်တိုက်ခိုက်လာတဲ့အတွက် ရေနံနဲ့ ဓာတ်ငွေ့ဈေး တွေ အခုလို ထိုးတက်လာတာပါ။
ဟောမုဇ်ရေလက်ကြားက ရေကြောင်းသွားလာမှုတွေ ရပ်ဆိုင်းကုန်သလို၊ ကာတာရဲ့ သဘာဝ ဓာတ်ငွေ့ရည် ထုတ်လုပ်မှုနဲ့ ဆော်ဒီအာရေးဗျက အကြီးဆုံးရေနံချက်စက်ရုံတွေကိုလည်း ပိတ်ထား ရပါတယ်။
ဥရောပသမဂ္ဂက ရုရှားဓာတ်ငွေ့နဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ဝယ်ယူမှုကို ၂၀၂၇ နှောင်းပိုင်း ကာလတွေမှာ အပြီးသတ်ပိတ်ပင်ဖို့ စီစဉ်နေတဲ့အပေါ် ပူတင်က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ရုရှားသမ္မတက "အခု တခြားဈေးကွက်တွေက ပွင့်လာပြီလေ၊ ကျုပ်တို့ အခုချက်ချင်း ဥရောပ ဈေးကွက်ကို ပံ့ပိုးတာရပ်လိုက်ရင် ကျုပ်တို့အတွက် ပိုအကျိုးအမြတ်ရှိတယ်"လို့ ဆိုပါတယ်။
သဘာဝဓာတ်ငွေ့ကို ဈေးပိုပေးဝယ်ချင်တဲ့ ဖောက်သည်တွေ ပေါ်လာချိန်မှာ နိုင်ငံရေးအရမဟုတ်ဘဲ စီးပွားရေးအရ ပိုပေးတဲ့သူဆီ ရောင်းရမှာပဲလို့လည်း သူက မှတ်ချက်ပေးပါတယ်။
အဲဒီလို ဈေးကောင်းပေးတဲ့ ဝယ်သူတွေပေါ်လာရင် အမေရိကန်လို နိုင်ငံမျိုးကတောင် ဥရောပ ဈေးကွက်ကို စွန့်ပြီး ဈေးကောင်းရတဲ့နေရာကို သွားရောင်းမှာပဲလို့ ပူတင်က ဆိုပါတယ်။
အရင်က ဥရောပရဲ့ ပိုက်လိုင်းကတဆင့်ဝယ်တဲ့ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းအထိ ရုရှားက ပံ့ပိုး ပေးခဲ့ပေမဲ့ မနှစ်ကတော့ ၆ ရာခိုင်နှုန်းလောက်ပဲ ဝယ်တော့တယ်လို့ အီးယူက ထုတ်ပြန်ပါတယ်။
ဥရောပဈေးကွက်ကို နော်ဝေ၊ အမေရိကန်နဲ့ အယ်လ်ဂျီးရီးယားတို့က အစားထိုး ဝင်ရောက် လာပါတယ်။
ဒါကြောင့် ရုရှားဟာ သူတို့ရဲ့ စွမ်းအင်ပို့ကုန်တွေအတွက် ဥရောပအစား ကမ္ဘာ့ထိပ်တန်း စွမ်းအင် သုံးစွဲတဲ့ တရုတ်နိုင်ငံကို အဓိကထား တင်ပို့ရောင်းချနေရပါတယ်။
Source: Reuters


