
မြန်မာနိုင်ငံဆိုင်ရာ ဥရောပနိုင်ငံသံရုံးတွေ ဖြစ်တဲ့ ဖင်လန်၊ ဒိန်းမတ်နဲ့ နယ်သာလန် သံရုံးတွေကို ၂၀၂၆ ခုနှစ်အတွင်း အပြီးသတ်ပိတ်သိမ်းတော့ဖြစ်ကြောင်း ကြိုတင်ကြေညာခဲ့ပြီးနောက် ပထဆုံးအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံးက ပိတ်သိမ်းတော့မှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်မှာ ကြေညာပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေ ဆိုးရွားလာမှုနဲ့ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှု အကန့်အသတ်ရှိ မှုတွေကြောင့် ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက စွန့်ခွာပြီး တခြားသောနိုင်ငံတွေဆီ ရွေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဝေဖန်ပြောဆိုနေကြကာပါ။
အမှန်တကယ်မှာတော့ နိုင်ငံရေးသဘောမတူညီမှုကြောင့် ထွက်ခွာတာမျိုး မဟုတ်ကြောင်း ဉာဏ်လင်းသစ်သုတေသနရဲ့ သုတေသနနှင့် နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက ပြောပါတယ်၊
“အခုလက်ရှိ ဒီ ဖင်လန်သံရုံး ပိတ်သိမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါ နိုင်ငံရေးအခြေအနေနဲ့ ပေါ့လေ တိုက်ရိုက်ဆက်စပ်မှု ရှိလိမ့်မယ်လို့ ကျနော်တော့ ဟို မယူဆပါဘူးနော်။ သံရုံးက ဒီ ပိတ်သိမ်းလိုက်တယ်ပေါ့။ ပိတ်သိမ်းလိုက်ပြီးတော့ ကျနော် နားလည်ချက်အရဆိုရင်တော့ သူ့ရဲ့ ဒီ သံတမန်ရေးကိစ္စတွေကို ဘန်ကောက် ဖင်လန် သံအမတ်ကြီးကပဲ မြန်မာနိုင်ငံဆိုင်ရာ ဒီ သံတမန်ကိစ္စတွေကို ပူးတွဲလုပ်တာတို့ ဘာတို့ညာတို့ ဒါမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံရေး သဘောမတူညီမှုကြောင့် ထွက်တယ်ဆိုတဲ့ဟာမျိုး တရားဝင် ကြေညာ ပြီးတော့ ထွက်တဲ့ သံရုံးတော့ မတွေ့ရသေးဘူးလို့ ကျနော်တော့ ဒီလိုပဲ မှတ်ချက်ပေးချင်ပါတယ်။ သံတမန်ကိစ္စတွေ လုပ်ဖို့ နည်းနည်း ခက်ခဲသွားမယ်။ နောက်တခုကတော့ ဒီ လူတွေအနေနဲ့ ဥပမာ ဗီဇာ လျှောက်တာတို့ ဘာညာ ဆိုရင်လည်း သံရုံးတိုက်ရိုက်မရှိတဲ့အတွက် အခက်အခဲတွေ ရှိနိုင်ပါတယ်။”
ရန်ကုန်က ဖင်လန်သံရုံးကိုတော့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ပိတ်သိမ်းမှာဖြစ်ကြောင်း ကောင်စစ်ရုံးရဲ့ ဝန်ဆောင်မှုကိစ္စတွေကိုတော့ ဘန်ကောက်မြို့မှာရှိတဲ့ သံရုံးမှာ ဆက်လက် ဆောင်ရွက်ပေးမှာဖြစ်ကြောင်းနဲ့ ဖင်လန်နိုင်ငံကိုသွားဖို့ ရှန်ဂန်ဗီဇာ လျှောက်မယ်ဆိုရင်တော့ ရန်ကုန်မှာရှိတဲ့ ဂျာမနီသံရုံးမှာ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း က “မြန်မာတင် မဟုတ်ဘူးပေါ့နော်။ သူတို့ရဲ့ သံရုံးတွေကို သိပ်အရေးမပါတဲ့ တချို့နိုင်ငံတွေကပါ ပိတ်သိမ်းတာတွေ ရှိတယ်။ သူတို့က နောဒစ် (Nordic) သံရုံးဆိုပြီးတော့ နိုင်ငံ ၃ ခု ပေါင်းပြီးတော့ သံရုံးငှားထားတာ။ အဲ့တော့ တနိုင်ငံ ဆုတ်သွားတဲ့အခါကျတော့ ကျန်တဲ့ နှစ်ခုက အဲ့ဒီသံရုံးကုန်ကျစရိတ်ကို ဆက်ခံရမယ့်သဘော ဖြစ်သွားတာပေါ့နော်။ အဲ့တော့ နော်ဝေးပါ ဆုတ်မယ် ထင်တယ်။ နိုင်ငံရေးသဘောမဆန်ပါဘူး။ အထူးသဖြင့်တော့ သူတို့ရဲ့ နိုင်ငံက ဘတ်ဂျက်ချွေတာရတယ်။ သူတို့ရဲ့ ဘတ်ဂျက်ကို ဒီ ကာကွယ်ရေး အသုံးစရိတ်တွေ ကျန်တဲ့ကိစ္စတွေမှာပါ ပြန်ပြီးတော့ တိုးသုံးရတဲ့အခါကျတော့ အဲ့ဒီမှာ သိပ်အရေးမပါဘူးဆိုတဲ့ နိုင်ငံတွေကနေပြီးတော့ သံရုံးတွေ ဆုတ်တာပါ။ တခုလုံးခြုံပြောရရင်တော့ ဥရောပ အနေနဲ့က အရင်က ကျနော်တို့ နိုင်ငံတကာ အကူအညီတွေ Humanitarian ပေါ့နော်၊ လူသားချင်း စာနာမှု အကူအညီတွေပေးတာတွေရှိတယ်။ သူတို့ ဥရောပကိုယ်တိုင်ကိုက ကာကွယ်ရေး အသုံးစရိတ်ကို ပိုသုံးရမယ် ဆိုတဲ့အခါကျတော့ တချို့ နိုင်ငံတကာ အကူအညီတွေမှာ လျှော့ချတာမျိုးတွေ ရှိလာတာပေါ့။ ဒါမျိုးကတော့ ကျနော်တို့နဲ့ သက်ဆိုင်နိုင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒိန်းမတ်သံရုံးကိုလည်း ၂၀၂၆ နှစ်ကုန်မှာ ပိတ်သိမ်းကာ တခြားနိုင်ငံတွေမှာ တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပြီး မြန်မာက နယ်သာလန်သံရုံးကလည်း ဒီနှစ်ကုန်မှာ ပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။
ဆွီဒင်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို ရပ်ဆိုင်းဖို့ ပြင်ဆင်နေပြီး လူသားစာနာအကူအညီတချို့ကိုသာ ဆက်လက်ပေးသွားဖို့ စီစဉ်နေပါတယ်။
ဝေဝေ


