
နယ်သာလန်သမိုင်းမှာ အသက်အငယ်ဆုံးနဲ့ ပထမဆုံး ပွင့်လင်းဂေးဝန်ကြီးချုပ်အဖြစ် အသက် ၃၈ နှစ်အရွယ် ရော့ဘ်ဂျက်တန် ဦးဆောင်တဲ့ လူနည်းစုအစိုးရအဖွဲ့ဟာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်က သဟိဂ်မြို့က နန်းတော်မှာ ဘုရင်ဝီလမ်အလက်ဇန်းဒါး ရှေ့မှောက်မှာ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ရွေးကောက်ပွဲမှာ ဂျက်တန်ရဲ့ D66 ပါတီက အစ္စလာမ်ဆန့်ကျင်ရေးဝါဒီ ဂါတ် ဝိုင်းလ်ဒါးစ်ကို အနိုင်ရရှိခဲ့တာပါ။
အခုအခါမှာတော့ VVD ပါတီ၊ CDA ပါတီတို့နဲ့ ပူးပေါင်းပြီး အလယ်အလတ် လက်ယာယိမ်း လူနည်းစုအစိုးရ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
မဟာမိတ်အစိုးရသစ်ဟာ ကာကွယ်ရေးအသုံးစရိတ် ယူရို ၁၉ ဘီလီယံ တိုးမြှင့်ဖို့နဲ့ ခိုလှုံခွင့်တောင်းခံသူ အရေအတွက် လျှော့ချဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ လူနည်းစုအစိုးရ ဖြစ်တဲ့အတွက် လွှတ်တော်မှာ ဥပဒေပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါ မဲခွဲဆုံးဖြတ်မှု အဆင့်တိုင်းမှာ တခြားပါတီတွေနဲ့ ညှိနှိုင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဂျက်တန်က “နယ်သာလန် ပြည်သူအားလုံးအတွက် မျှဝေထားတဲ့ ကတိကဝတ်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ရတဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ပြောကြားပါတယ်။
အစိုးရသစ်ရဲ့ ဘဏ္ဍာရေးအစီအစဉ်တွေနဲ့ ပတ်သက်ပြီး အဓိကအတိုက်အခံခေါင်းဆောင် ဂျက်စီ ကလေဗာက ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
“သာမန်ပြည်သူတွေက ယူရိုရာချီ ပိုပေးရမှာဖြစ်ပြီး အချမ်းသာဆုံးလူတွေက ဘာမှ ပိုပေးစရာ မလိုတာဟာ မတရားတဲ့အတွက် ဒီအစီအစဉ်တွေကို တာဝန်ယူ ပြင်ဆင်သွားမယ်” လို့ ကလေဗာက ပြောပါတယ်။
Source: Reuters


