
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ တရုတ်လုပ်ငန်းရှင်တွေ ဆီထုတ်ပြီး မှောင်ခို ပြန်ရောင်းစားနေတာကြောင့် ပြင်ပရောင်းဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆီဆိုင်တွေက လီတာ ၂၀ ကို ငွေကျပ် ၈၄,၀၀၀ နဲ့ ရောင်းချပေးနေပေမဲ့ ဆီထုတ်ပြီး ပြန်ရောင်းစားသူတွေက လီတာ ၂၀ ကို ကျပ် ၁၂၀,၀၀၀ ကနေ ၁၂၅,၀၀၀ ဈေးနဲ့ ပြန်ရောင်းစားနေတာလို့ ဆိုပါတယ်။
လားရှိုးမြို့ဒေသခံတယောက်က “မနက်ပိုင်းမှာ ကားတစီး ၅၀,၀၀၀ နှုန်းနဲ့ ဆီရောင်းပေးတယ်။ ညနေပိုင်းမှာ တစီး ၃၀,၀၀၀ ကျပ်နှုန်းရောင်းပေးတယ်။ ဆိုင်ကယ်က ၅၀၀၀ ကျပ်ပဲရတယ်။ တချို့ကဝယ်ပြီး အပြင်မှာ ဈေးတင်ရောင်းစားကြတယ်။ ဆီက တိုးကြိတ်ဝယ်နေရတဲ့ အခြေအနေ။ ပုံးကိုတော့ ပေးမရောင်းဘူး” လို့ ပြောပါတယ်။
လားရှိုးက တရုတ်သူဌေးတွေက ဆီဆိုင်တွေမှာ အဖွဲ့လိုက်တန်းစီပြီး အကြိမ်ကြိမ် ဝယ်ယူသိုလှောင်ပြီးတော့ ဈေးတင်ရောင်းနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သူတို့အတွက် ပိုက်ဆံက အရေးမကြီးဘူးလေ အခေါက်အခါခါပဲ။ ဘယ်ဆိုင်မှ ဘယ်နှခါ လာမထုတ်ရလို့ မသတ်မှတ်ထားဘူး။ ဆိုင်အများစုက တနေကုန် ဖွင့်တယ်။ တချို့ဆိုင်တွေက မနက်ဖွင့်၊ ညနေဖွင့် အဲဒီလို အကန့်အသတ်နဲ့ ရောင်းတယ်" လို့ ပြောပါတယ်။
လားရှိုးက ဆီဆိုင်တချို့မှာတော့ တလီတာကို ကျပ် ၄,၂၀၀ နဲ့ပဲ ရောင်းချပေးနေသလို တချို့ဆိုင်တွေမှာ တလီတာကို ကျပ် ၆.၀၀၀ ရောင်းတာတွေပါ ရှိလာတယ်လို့ ဆိုပါတယ်။
လားရှိုးမှာ စက်သုံးဆီဆိုင် ၃၀ ဝန်းကျင်ရှိပြီး ဝယ်ယူသူများတာကြောင့် မနေ့က ၇ ဆိုင်ဝန်းကျင်အထိ ပိတ်ထားရပေမဲ့ ဒီနေ့မှာတော့ ပြန်ဖွင့်ပေးတယ်လို့ သိရပါတယ်။
ရောင်းချမဲ့ဆီတွေကို ကိုးကန့်တပ်က နမ္မတူဘက်ကနေ သယ်ယူခွင့်မပေးတာကြောင့် ကျောက်ဂူ-နမ့်လန်လမ်း၊ မိုင်းရယ်လမ်းတွေကနေ သယ်ယူရတာလို့ သိရပါတယ်။


