Home
မြန်မာသတင်း
မြန်မာကိုယ်တိုင် ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အိန္ဒိယ ထောက်ခံ
DVB
·
March 5, 2026
Photo: Embassy of India, Yangon

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်ပေးနိုင်မဲ့ "မြန်မာကိုယ်တိုင် ဦးဆောင်ပြီး မြန်မာကိုယ်တိုင် ပိုင်ဆိုင်တဲ့" ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အိန္ဒိယနိုင်ငံက ထောက်ခံတဲ့အကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက မတ် ၄ ရက်မှာ ပြောပါတယ်။

ရန်ကုန်မြို့လယ်မှာ အိန္ဒိယနိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်ထားတဲ့ စာဆိုဗိမာန် အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားမှာ ဝန်ကြီးဂျိုင်ရှန်ကာက ဗီဒီယိုစနစ်နဲ့ မိန့်ခွန်းပြောကြားရာမှာ ခုလိုထည့်သွင်း ပြောကြားလိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက"လူဦးရေ ၁ ဒသမ ၄ ဘီလီယံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေတဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံဟာ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အတွေ့အကြုံတွေကို မြန်မာနိုင်ငံက သက်ဆိုင်သူတွေနဲ့ ပုံမှန် မျှဝေပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူသားအားလုံးအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မဲ့ အားလုံးပါဝင်တဲ့၊ မြန်မာကိုယ်တိုင် ဦးဆောင်ပြီး မြန်မာကိုယ်တိုင် ပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျနော်တို့ ထောက်ခံပါတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးက အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ အိမ်နီးချင်း ဦးစားပေး၊ အရှေ့မျှော်ဝါဒနဲ့ ဒေသတွင်းအားလုံးအတွက် လုံခြုံရေးနဲ့ တိုးတက်မှုဆိုင်ရာ မဟာဗျူဟာဆိုတဲ့ အဓိက မူဝါဒ ၃ ရပ် ဆုံစည်းရာနေရာမှာ မြန်မာနိုင်ငံက တည်ရှိနေကြောင်းနဲ့ မြန်မာနဲ့ ဆက်ဆံရေးကို အလေးထားကြောင်းလည်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာမြောက် အိမ်နီးချင်းနိုင်ငံဖြစ်သလို ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မဏိပူရပြည်နယ် အပါအဝင် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေနဲ့ ကီလိုမီတာ ၁,၆၄၀ ရှည်လျားတဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီအာဘော် သတင်းတွေမှာတော့ အဆိုပါ စာဆိုဗိမာန်အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီခန့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက "ကျနော်တို့ရဲ့ ဘက်စုံကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေမှာ နိုင်ငံရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အပိုင်းမှာတော့ ဒေသခံစီးပွားရေး အားကောင်းလာစေဖို့နဲ့ လူမှုဘဝတွေ မြှင့်တင်ပေးနိုင်ဖို့ အတွက် ပြည်သူဗဟိုပြုပြီး လိုအပ်ချက်ပေါ် အခြေခံတဲ့ ကူညီပံ့ပိုးမှုတွေကို လုပ် ဆောင်နေပါတယ်" လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သွားရောက်ခဲ့တဲ့ မလေးရှား ခရီးစဉ်အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါသေးတယ်။

မလေးရှားနိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ ခိုင်မာစေဖို့ ရည်ရွယ်တဲ့ မလေးရှားဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ၂ ရက်တာ လာရောက်ခဲ့တဲ့ ခရီးစဉ်မှာ မြန်မာ့အရေးအပေါ် ဘုံရပ်တည်ချက်တွေ အပါအဝင် ၂ နိုင်ငံကြား ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ ခရီးသွားလာရေး စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာပါ။

မြန်မာ့အရေးအပေါ် ရပ်တည်ချက်မှာတော့ ဒေသတွင်း ပြဿနာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ၂ နိုင်ငံစလုံးက ကတိကဝတ် ပြုထားတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

Source: The Hindu 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013